မော်လမြိုင် ၊ ဇွန် ၁
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေမှုအပေါ် ပြည်သူတွေရဲ့ ရည်မှန်းချက်က စစ်တပ်ကို တစ်ယောက်မကျန် အမြစ်ပြတ်ရှင်းလင်းဖို့ မဟုတ်ဘူးဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
စစ်တပ်ကို ရွေးကောက်ခံအရပ်သားအစိုးရထံ တာဝန်ခံမှုရှိတဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ အင်စတီကျူးရှင်းတစ်ရပ်အနေနဲ့ အသွင်ပြောင်းဖို့ ဖြစ်တယ်လို့ သူက ဘန်ကောက်ပိုစ့်မှာ Support the People Revolution အမည်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်ရဲ့ ဆောင်းပါးကို Radio NUG ကနေ မြန်မာဘာသာပြန်အဖြစ် ကောက်နှုတ်ဖော်ပြထားပြီး စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတွေ လူထုတွေကြား အတွေးပွားစရာအဖြစ် ရှိနေတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက အရပ်သားအစိုးရအောက် စစ်တပ်ကို တွန်းပို့နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ရေးအရ အနိုင်ယူပြီးမှသာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရမယ်လို့ ပြောပါတယ်။
“စစ်တပ်ကို အရပ်သားအစိုးရအောက် ရောက်သွားအောင် SSR လို့ ခေါ်တဲ့ Security Sector Reform အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အထိ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးအရ တိုက်ခိုက်အနိုင်ယူပြီး စစ်တပ်က အရင်လို နိုင်ငံရေးကိစ္စရပ်တွေမှာ မပါဝင်တော့ဘဲ အရပ် သားအစိုးရအောက်မှာ သစ္စာခံပြီး လုံခြုံရေး ကာကွယ်ရေးဆိုင်ရာတာဝန်တွေကိုသာ ထမ်းဆောင်တဲ့ SSR လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အောင်အောင်မြင်မြင် လုပ်နိုင်ရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီလို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်” လို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန် သိမ်းယူချိန်ကစပြီး ဒီကနေ့အထိ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် အလိုမရှိ ဆန္ဒပြမှုတွေကနေ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ဆိုတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအထိ ရောက်ရှိလာခဲ့တာပါ။
အာဏာသိမ်းလေးနှစ်ကျော်လာချိန်မှာ စစ်အာဏာရှင်စနစ်ကို ဖြိုချတဲ့ တိုက်ပွဲတွေကလည်း အား ကောင်းလာနေပြီး စစ်ကောင်စီက နယ်မြေများစွာ ဆုံးရှုံးခဲ့ရချိန်မှာတော့ တရုတ်အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကလည်း ထင်ရှားလာနေပါတယ်။
ဒီအခြေအနေမှာ စစ်တပ်ကို အမြစ်ဖြတ်ဖို့ မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင်ပြောင်းတဲ့ ရည်မှန်းချက်ဟာ ပြင်းထန်တဲ့ အစွန်းရောက်ခြင်းမဟုတ်ဘူးလို့ ဆောင်းပါးကနေတဆင့် အသိပေးထားတာပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တိုင်းရင်းသားတွေအားလုံးလက်ခံတဲ့ ဖက်ဒရယ်ပုံစံ စစ်တပ်အဖြစ် ပြောင်းလဲဖို့ ဖက်ဆစ်စစ်တပ်ရဲ့ စနစ်ကြီးတစ်ခုလုံးကို တိုက်ထုတ်ချေမှုန်းရမယ်လို့ ပြောပါတယ်။
“လက်ရှိ စစ်တပ်ကို ဖက်ဒရယ်ပုံစံ စစ်တပ်အဖြစ် ပြောင်းလဲမှသာ EAO တွေ တိုင်းရင်းသားညီ အစ်ကိုတွေ အားလုံးက လက်ခံမှာဖြစ်တဲ့အတွက် လက်ရှိ စစ်တပ်ပုံစံနဲ့ စနစ်ကို ဒီမိုကရေစီအစိုးရအောက်မှာ ထည့်လိုက်ရုံနဲ့ ဒီပြဿနာကြီး ပြီးသွားမှာ မဟုတ်ဘူး။ ဖက်ဆစ်မျိုးစေ့ အကြမ်းဖက်မျိုးစေ့ အာဏာရှင်မျိုးစေ့ကတော့ ဆက်ကျန်နေဦးမှာပဲ။ ဒါကြောင့် ဒီ စနစ်ကြီးတစ်ခုလုံးကို ကျွန် တော်တို့ တော်လှန်ရေးအဖွဲ့တွေအားလုံး တက်ညီလက်ညီ တိုက်ထုတ်ချေမှုန်းဖျက်သိမ်းရမယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ NUG နဲ့ K2C တို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ကြတာပါ။
စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့ ဖြစ်ပါတယ်။
K2C ထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအ ရုံး KNU၊ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပါဝင်ကြပြီး NUG ရဲ့ နိုင်ငံရေးစစ်ရေး မဟာမိတ်တွေ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ NUG နဲ့ PDF တို့ ဗဟိုအခန်းကဏ္ဍကနေ ပါဝင်နေသလို နိုင်ငံရပ်ခြားအင်အားစုတွေရဲ့ ဆန္ဒမဟုတ်ဘဲ မြန်မာလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒအပေါ် အခြေခံထားပြီး လက် နက်ကိုင်ထိုးစစ်ဆင်မှုတွေအထိ တိုးတက်လာခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။
ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နွေဦးတော်လှန်ရေးရဲ့ လမ်းကြောင်းဟာ စနစ်ကို အပြတ်တိုက်မှာဖြစ်ပြီး ပြည်သူအပေါ် ပြစ်မှုကျူးလွန်သူတွေကိုတော့ ဥပဒေအရ တစ်ယောက်မကျန် အရေးယူရမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ လိုချင်တဲ့ပုံစံက စနစ်ကို အပြတ်တိုက်မယ်။ ပြီးရင် စစ်အာဏာရှင်စနစ်ကို ဒေါက်တိုင်လုပ်နေတဲ့ စကစ ဒီစစ်တပ်ကို စစ်တပ်နေရာမှာ အစားသွင်းဖို့က ကျွန်တော်တို့မှာ PDF တပ်တွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က လူကို အပြတ်တိုက်မှာ မဟုတ်ဘူး၊ မူကိုအပြတ်တိုက်မယ်။ လူကတော့ ခွင့်လွှတ်မှာလည်း မဟုတ်ဘူး၊ မေ့ပျောက်မှာလည်း မဟုတ်ဘူး။ ဥပဒေကြောင်းအရ တော်လှန်ရေးကာလအတွင်း ပြီးတော့ သူတို့အုပ်ချုပ်နေတဲ့ကာလအတွင်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်အပေါင်းအပါတွေ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်တွေကိုတော့ ကျွန်တော်တို့ မဖြစ်မနေ ဥပဒေအရ အပြစ်ပေးအရေးယူရပါလိမ့်မယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး ဒီအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အားပေးထောက်ခံကြောင်း စစ်ခေါင်းဆောင်ကို ပြောဆိုထားတာပါ။
ဒီအပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုဟာ တရုတ်ရဲ့ ရေရှည်အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ “သွေးခွဲ-အနိုင်ယူ” မဟာဗျူဟာကို ထောက်ခံမယ့်အစား NUG၊ PDF အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားစုတွေအားလုံးနဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံဖို့ ဒေါ်ဇင်မာအောင်က အကြံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media