မော်လမြိုင် ၊ မတ် ၂၅

မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို လုံခြုံရေးနဲ့ မြို့တွင်းကင်းလှည့်မှုတွေမှာ စတင်အသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအသုံးပြုလာတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ အပြာရောင် ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ကာ စစ်ကောင်စီကနေရာချပေးတဲ့ နေရာတွေမှာ လုံခြုံရေးတာဝန်ယူရတာပါ။

ဒါ့အပြင် မြို့ဝင်မြို့ထွက်မှာ စစ်ဆေးတာ၊ မြို့တွင်းလှည့်လည် စစ်ဆေးတာ၊ အခမ်းအနားတွေမှာ လုံ ခြုံရေးယူရတာတွေအပြင် ရပ်ကွက်တွေအတွင်း ဧည့်စာရင်းစစ်ဆေးတာကအစ အသုံးပြုလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ ဒေသတွင်းမှာ စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံ ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို တွေ့ရှိမှုပိုများလာပြီး စစ်ကောင်စီဘက်က လုံခြုံရေးကဏ္ဍတွေအတွက်လိုသလို အသုံးပြုလာတယ်လို့ ပြောပါတယ်။

“အပြာရောင်ဝမ်းဆက်နဲ့ လက်မောင်းဘတ် တံဆိပ်မှာတော့ မွန်ပြည်နယ်အစိုးရရုံး တံဆိပ်ပေါ့နော်။ ဟင်္သာရုပ်နဲ့ နောက်ဒီဘက်မှာက ပလကဖဆိုပြီးတော့ အတိုလေးနဲ့ အဝိုင်းလေးထဲမှာ ဘတ်တံဆိပ်ကို တွေ့တယ်။ ကျွန်တော်တို့ဘက်မှာ လူငယ်ပိုင်းလည်း ပါတယ်။ သက်လတ်တွေလည်း ပါတာတွေ့တယ်။ ဆိုင်ကယ်တွေစစ်တာတို့မှာ သူတို့ကို တစ်ခါတလေခေါ်သုံးတယ်။ စာမေးပွဲကာလ လုံခြုံ ရေးလုပ်တာတို့ ဘာတို့ သူတို့ကို ခေါ်ခေါ်သုံးတာတွေ့တယ်။ သူတို့က နံပါတ်တုတ်တွေ လက်ထိပ်တွေကိုင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ တစ် ခါတလေ ရပ်ကွက်၊ ကျေးရွာအတွင်း သတင်းအရ ရှာဖွေတဲ့ နေရာတွေမှာ စစ်ကောင်စီကို လုံခြုံ ရေး ယူပေးရတာတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေဟာ စစ်ခေါင်းဆောင်ပိုင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်သလို ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးဖို့ အကြမ်း ဖက်ဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့ တစ်ခုသာ ဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဝေဖန်ပါတယ်။

ဒါကြောင့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးကြဖို့ နိုင်နဂါးက တိုက်တွန်းတာပါ။

“အမည်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေဟာ ပြည်သူတွေရဲ့ သွားတဲ့လမ်းပေါ်မှာ စခန်းတွေချ၊ ကင်းစခန်းတွေဆောက် ဂိတ်တွေဆောက်ပြီးတော့ ပြည်သူတွေကို စတင်နှောင့် ယှက်နေပြီ။ ဒုက္ခပေးနေပြီ။ အခွန်အကောက်တွေ ပေးနေရပြီဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားရတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ ဆန့်ကျင်သွားဖို့လိုတယ်။ ဘယ်လို ဆန့်ကျင်ရမလဲဆိုရင် ကျွန်တော်တို့ တော်လှန်ပြည်သူများနဲ့ တော်လှန်အဖွဲ့အစည်းများနဲ့ အတူတကွ ပူးပေါင်းပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှု သတင်းတွေ သတင်းပေးဖို့ ကျွန်တော်တို့ ပန်ကြားလိုပါတယ်။ ကျန်တဲ့ တာဝန်ကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဆက်လက်ပြီး တာဝန်ယူသွားဖို့ပဲ ရှိတာပေါ့နော်” လို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ လက်အောက်ခံတွေဖြစ်တာကြောင့် ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်သလို ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုကလည်း အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကိုတော့ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာတွေအထိ ဖွဲ့စည်းထားပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တွေကို စစ်သင်တန်း ပေးတာ၊ လက်နက်တပ်ဆင်ပေးတာ၊ ထောက်ပံ့ ပို့ဆောင်တာနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ရွေးထုတ်ကယ်ဆယ်ရေး တာဝန်ပေးဖို့ ဖွဲ့စည်းခဲ့တာလို့ ဆိုထားပါတယ်။

ဒါ့အပြင် ထိရောက်တဲ့ တိုက်ပွဲဝင်နိုင်ဖို့အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ပေးတာအပြင် စစ်မြေပြင် တာဝန်ပေးဖို့အထိ ရည်ရွယ်ထားတာပါ။

မွန်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန MSFC-DoD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေထဲမှာ ပြည်သူတွေ လုံးဝမပါဝင်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂ ရက်နေ့မှာ သတိပေးထားပါတယ်။

မွန်ပြည်နယ်မှာတော့ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ ရပ်ကွက်နဲ့ ကျေးရွာအတွင်းက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ စစ်မှုထမ်းဟောင်းတွေ၊ အငြိမ်းစားရဲဝန် ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေ၊ ကြံခိုင်ရေးပါတီဝင်တွေ၊ မဘသအဖွဲ့ဝင်တွေအပြင် အာဏာ သိမ်းမှုကိုထောက်ခံခဲ့တဲ့ နိုင်ငံရေးပါတီတချို့က ပါတီဝင်တွေပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.