ဘီးလင်း၊ မတ် ၂၅
မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လမ်းသွားလမ်းလာ အရပ်သားပြည်သူတစ်ဦး မိုင်းအစထိမှန်ဒဏ်ရာရရှိတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးတစ်လုံးဟာ ထွေအုပ်ရုံးရဲ့ အလံတိုင်အပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရုံးအရှေ့ကနေ ဆိုင်ကယ်မောင်းနှင်းသွားတဲ့ အရပ်သားပြည်သူတစ်ဦး တင်ပါးမိုင်းအစထိမှန် ဒဏ်ရာရရှိခဲ့တပါ။
မိုင်းအစထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူကတော့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးထည့်ပြီး နေရပ်ပြန်သွားတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အလားတူ ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာလည်း ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား အခုနှစ်ဆန်းပိုင်းစကလို့ နှစ်ဖက်စစ်ဆေးရေး ပိုမိုတင်းမာလာသလို စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ အာဏာသိမ်းကာလအတွင်း လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး ရုံးအဆောက်အဦးတချို့ ထိမှန်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ