လှိုင်းဘွဲ၊ မတ် ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နား ခလယ့်ဒေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က မတ်လ ၂၃ ရက်နေ့ကစပြီး စတင်ပိတ်ဆို့တိုက်ခိုက်နေပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ခလယ့်ဒေးစခန်းကို မတ်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ကစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ က ရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းရံပိတ်ဆို့လိုက်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်တာ၊ စနိုက်ပါသေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။
နယ်စပ်အနီးက ခလယ့်ဒေးစခန်းသိမ်းတိုက်ပွဲအခြေအနေကြောင့် ခလယ့်ဒေးကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်း ထာ့ဆောင့်ယန်းမြို့နယ် မဲ့ဆောင်ကျေးရွာထဲ တိမ်းရှောင်ထွက်ပြေးရောက်ရှိလာပြီး ဒေသတွင်းက ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ကူညီပေးထားတယ်လို့ နယ်စပ်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်အနီးဝန်းကျင်မှာ တည်ရှိသလို က ရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်နဲ့လည်း နီးကပ်စွာ တပ်စွဲအခြေချထားတာဖြစ်ပြီး အဲဒီစခန်းဆီကို စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူပေးဖို့ မလွယ်ကူနိုင်ဘူးလို့ ဒေသတွင်းသ တင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ဝေဟင်ကနေသာ လေကြောင်းတိုက်ခိုက်မှုကိုအသုံးပြုပြီး စစ်ကူပစ်ခတ်ပေးနိုင်ပေမယ့် ပြီးခဲ့တဲ့ ပွိုင့် ၁၂၄၈ ပူလူးတူခြေကုပ်စခန်းသိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတဲ့ကြားကနေ KNLA KNDO ပူးပေါင်းတပ်ဖွဲ့က စခန်းကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။
ထိုင်းနယ်စပ်နားက ခလယ့်ဒေးတပ်စခန်းဆီ မြေပြင်စစ်ကူအနေနဲ့ စစ်ကူပို့ဆောင်မယ်ဆိုပါက အနီးစပ်ဆုံးစခန်းအဖြစ် ရှမ်းရွာသစ်မြို့ အခြေချစစ်ဗျူဟာကနေ ပေးပို့နိုင်မှာဖြစ်ပေမယ့် KNLA KNDO ပူးပေါင်းတပ်တို့ရဲ့ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် ရှမ်းရွာသစ်ဗျူဟာစခန်းကနေ မြေပြင်စစ်ကူပေးပို့နိုင်ဖို့ မလွယ်ကူဘူးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။
အခုလ မတ်လ ၁၄ ရက်နေ့က KNU တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈ ပူလူးတူခြေကုပ်စခန်းကို KNLA KNDO ပူးပေါင်းတပ်ဖွဲ့က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတာတွေလည်း ရှိခဲ့ပါတယ်။
ပွိုင့် ၁၂၄၈ ပူလူးတူခြေကုပ်စခန်းသိမ်း တိုက်ပွဲအပြီး ၄ ရက်အကြာမှာ ရှမ်းရွာသစ်မြို့အခြေချ စစ်ဗျူဟာစခန်းကနေ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ KNU ဗဟိုဌာနချုပ်ထဲက KNLA စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနေအိမ်ကို ပြန်လည်တုံ့ပြန်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ပေမယ့် ထိ ခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။
ပူလူးတူစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်မြို့ ဗျူဟာထဲကို ရဟတ်ယာဉ်တွေနဲ့ ရိက္ခာတွေကို လာရောက်ပို့ဆောင်ထားပြီး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းက KNU ဗဟိုဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသထဲက စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်း ယူခဲ့ပြီးတဲ့နောက်ပိုင်း တပ်မဟာ ၇ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU တို့အကြား နှစ်ဖက်စစ်ရေးတွေ တင်းမာလာနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ