မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ မိမိတို့မျှော်မှန်းတဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင် မရောက်မချင်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က ပြောပါတယ်။

အဲဒီလို ကြိုးပမ်းရာမှာ ဘဝတူတိုင်းရင်းသားတွေ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကို ဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သဘောထားထုတ်ပြန်လာတာပါ။

မွန်တပ်တော်တစ်ခုတည်း ပေါ်ထွန်းရေး၊ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး ချဉ်းကပ်မှုနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ယူနစ်တည်ဆောက်ရေးတွေကို ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ကောင်းစကားက မွန်တော်လှန်ရေးအင်အားစုတွေ တစ်ခုတည်းဖြစ်ပေါ်လာနိုင်ဖို့ ကြိုးပမ်းနေပြီး အခုနှစ်အတွင်း ရုပ်လုံးပေါ်လာဖို့ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တခြားသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးဆီသို့ (Bottom up Federalism Approach) ကို ဆက်လက်ကြိုးစားပြီးတော့ ညှိနှိုင်းဆောင်ရွက်နေတဲ့အခြေအနေရှိတယ်။ တစ်ဘက်မှာလည်း ကျွန်တော်တို့ မွန်လူမျိုး မွန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တခြားသော ကျွန်တော်တို့ရဲ့ မွန်တော် လှန်ရေးအင်အားစုတွေ တစ်ခုတည်းဖြစ်ပေါ်လာနိုင်ဖို့ ဒီနှစ်အတွင်းမှာ ကြိုးစားနေတယ်။ ရုပ်လုံး ပေါ်လာဖို့ ရှိတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်တွေကြား ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်တဲ့ အခြေအနေဖြစ်သလို ကျော်လွှားနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ဦးမယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ပထမအဆင့်အနေနဲ့ မွန်ပြည်သစ်ပါတီ AD အပါအဝင် မွန်လက်နက်ကိုင်တပ်လေးတပ်ကနေ ရာမညပူးတွဲစစ်ကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ AD ကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် စစ်ကောင်စီကို တော်လှန်ဖို့ နိုင်ငံရေးခံယူချက်တူတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ ရဲဘော်တွေ မျိုးချစ်တွေက ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။

လှုပ်ရှားနယ်မြေကိုတော့ မွန်ပြည်နယ်က ကျိုက်မရော၊မုဒုံ၊သံဖြူဇရပ်နဲ့ရေးမြို့ နယ်တို့အပြင် ဆက် စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်အပါအဝင် တနင်္သာရီက ရေးဖြူမြို့ နယ်တို့ ပါဝင်ပါတယ်။

တစ်နှစ်အတွင်း စစ်ကောင်စီကျရှုံးရေးအတွက် တိုက်ပွဲဝင်နေတဲ့အပြင် ပါတီနဲ့တပ်ခိုင်မာအား ကောင်းရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာ၊ပြည်သူတွေနဲ့ ကဏ္ဍအလိုက်ပူးပေါင်းလုပ် ဆောင်နိုင်ခဲ့တယ်လို့ အသိပေးတာပါ။

စစ်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းတိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပေမယ့် စခန်းသိမ်းမြို့သိမ်းနိုင်တဲ့အခြေအ နေအထိ မရောက်သေးဘူးလို့ နိုင်ကောင်းစကားက ပြောပါတယ်။

“ကျွန်တော်တို့ တစ်ဖွဲ့တည်းသော်လည်းကောင်း အခြားသော မဟာမိတ်တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နိုင်မှု အခြေအနေတွေ ရှိခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေအထိတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ စခန်းသိမ်းမြို့သိမ်းနိုင်တဲ့ အခြေအနေအထိတော့ မရောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီကာလမှာ စုစည်းဖို့လည်း လိုအပ်တယ်။ တခြားသော အရင်းမြစ်တွေ စုဆောင်းဖို့အတွက် တစ်ဘက်မှာ အချိန်ပေးရဦးမှာဖြစ်တယ်။ ဒါက ကျွန်တော်တို့ စစ်ရေးပိုင်းပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာ တိုက်ခိုက်မှုပေါင်းစုံကျူးလွန်နေတဲ့အပြင် လူငယ်တွေကို အတင်းအကြပ်တပ်သားစုဆောင်းတာတွေ ဆက်တိုက်လုပ်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်သူတွေအနေနဲ့ လူထုအပေါ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်နဲ့ အ ပေါင်းအပါတွေကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ မွန်ပြည်သစ်ပါတီ AD နဲ့ လက်တွဲကြဖို့ ဖိတ်ခေါ်ထားတာပါ။

ဒါ့အပြင် မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးအမြန်အောင်မြင်ရေးအတွက် အမျိုးသားရေးတာဝန်တွေကို ဝင်ရောက်ထမ်းဆောင်ကြဖို့နဲ့ ပြည်တွင်းပြည်ပရှိ မွန်ပြည်သူတွေကလည်း တော်လှန်ရေးအတွက် နည်းပေါင်းစုံနဲ့ ကူညီထောက်ပံ့ပြီး ပူးပေါင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.