ပုလော၊ ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ အမှတ် ၅ ရပ်ကွက်ရှိ အသက် ၆၈ နှစ်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးသန်းဝင်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သူရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
ဦးသန်းဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပုလောမြို့ အမှတ် ၅ ရပ်ကွက်မှာ ရပ်ကွက်အုပ် ချုပ်ရေးမှူးဖြစ်လာပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီအလိုကျ လူငယ်တွေကို စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရပ်တန့်ခြင်းမရှိဘဲ လူငယ်တွေကို အဓမ္မဖမ်းဆီးတာ စစ်မှုထမ်းအဖြစ် သွတ်သွင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာတွေကို ဆက် တိုက်လုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန် ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဦးသန်းဝင်းဟာ စစ်အာဏာမသိမ်းမီ လက်ထက်က ပန်းချီ၊ ပန်းပုနဲ့ အင်္ဂတေစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုလောမြို့ အမှတ် ၅ ရပ်ကွက်မှာ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ဖြစ်လာပါတယ်။
ပုလောမြို့နယ်အတွင်း ကျန်ရှိနေတဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူလူထုကို စစ်မှုထမ်းတပ်သားအဖြစ် သွတ်သွင်းဖမ်းဆီးခြင်းတွေ မပြုလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိပါကထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း တနင်္သာရီတိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လက်နက် ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းခေါင်းစဉ်နဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် အရပ် သား ၂၁ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media