မြဝတီ၊ ဖေဖော်ဝါရီ ၆

လူကုန်ကူးမှုအပါအဝင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက် နှိမ်နင်းသွားမယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ အသီးသီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အနေနဲ့ နိုင်ငံတကာက တိုက်ဖျက်လျက်ရှိတဲ့ လူကုန်ကူးမှု၊ လူလူချင်းညှဉ်းပန်းနှိပ်စက်မှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမှာဖြစ်ပြီး မိမိတို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ လူကုန်ကူးခံရသူတွေကို မြန်မာသံရုံးနဲ့အတူ နိုင်ငံတကာသံရုံးတွေကနေ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားတာပါ။

DKBA အနေနဲ့ မိမိတို့ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမှာဖြစ်သလို ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြအသိပေးထားပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ကလည်း ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ခု ထပ်မံထုတ်ပြန်လိုက်ပြီး လူကုန်ကူးမှု၊ မသမာမူ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးလုပ်သားအသုံးပြုမှု၊ လိမ်လည်လှည့်ဖျားမှု၊ မူးဆေးဆေးဝါးရောင်းချသုံးစွဲမှုတို့ကို လုံးဝလက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး မသမာလုပ်ငန်းတွေကို ပိတ်သိမ်းစေကာ သက်ဆိုင်ရာကို အပ်နှံအရေးယူလျက်ရှိတယ်လို့ ဆိုထားပါတယ်။

လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဖော်ထုတ်ကူညီပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်ကနေ အခုအချိန်အထိ လူကုန်ကူးခံရသူဦးရေ ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို ဆက်လက်ပြီး တရားမဝင်ရာဇဝတ်မှုတွေကို အစိုးရ နိုင်ငံတကာတို့နဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ BGF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသတွေထဲမှာ မိမိတို့ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ စတင်ဆောင်ရွက်ခဲ့တဲ့ အိမ်ရာ၊ ဟိုတယ်နဲ့ အပန်းဖြေရိပ်သာ စီမံကိန်းတွေသာဖြစ်ကြပြီး BGF အနေနဲ့ ပါဝင်ရင်းနှီးမြုပ်နှံတဲ့ အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှာရမ်းတဲ့မြေရှင်သာဖြစ်တယ်လို့လည်း BGF က ဆိုထားပါတယ်။

ထိုင်းနိုင်ငံအစိုးရအာဏာပိုင်တို့က မြန်မာနယ်စပ်ဒေသက မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့နေရာတွေမှာ ဖြန့်ဖြူးပေးဝေနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကစပြီး စတင်ဖြတ်တောက်လိုက်ပြီးတဲ့နောက် ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ DKBA တပ်ဖွဲ့နဲ့ BGF တပ်ဖွဲ့တို့က အခုလို ကြေညာချက်တွေ ထုတ်ပြန်လာခဲ့တာပါ။

DKBA တပ်ဖွဲ့နဲ့ BGF တပ်ဖွဲ့တို့ ထိန်းချုပ်ရာနယ်မြေတွေဖြစ်ကြတဲ့ ရွှေကုက္ကိုလ်မြို့သစ်၊ ဘုရားသုံးဆူမြို့၊ KK Park၊ ကျောက်ခက်ဒေသတွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုလုပ်ငန်းတွေတည်ရှိနေပြီး နာမည်ကျော်တရုတ်သရုပ်ဆောင်အပါအဝင် လူကုန်ကူးခံရသူတွေ၊ လိမ်လည်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရသူတွေဟာ အဲ့ဒီဒေသနယ်မြေတွေထဲကနေ မကြာခဏဆိုသလို ထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းအာဏာပိုင်တွေ ရောက်ရှိလာနေခဲ့တာဖြစ်ပါတယ်။

BGF တပ်ဖွဲ့ဟာ အရင်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်သွားခဲ့တာဖြစ်သလို DKBA တပ်ဖွဲ့ကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကာ စစ်ကောင်စီနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးနေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media / KIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.