မော်လမြိုင် ၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့ပေါ် ရပ်ကွက် တချို့မှာရှိတဲ့ လူနေအိမ်တွေကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ လှိုင်ရပ်ကွက်နဲ့ သာ ယာအေးရပ်ကွက်အတွင်းက လူနေအိမ်တချို့ကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး အင်အားအများအပြားအသုံးပြုကာ ဖျက်ဆီးမှုတွေ ပြုလုပ်နေတာပါ။

အခုလို လူနေအိမ်တွေကို လိုက်လံဖျက်ဆီးရတာဟာ စစ်ကောင်စီခန့်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြီးခဲ့တဲ့ဇန်နဝါရီ ၁၀ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အစည်းအဝေးကနေ ညွှန်ကြားတာကြောင့် ဖြစ်တယ်လို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောဆိုထားပါတယ်။

ဒေသခံတစ်ဦးကတော့ လက်ရှိစစ်ကောင်စီ လက်အောက်ခံတွေဟာလှိုင်ရပ်ကွက်ပိုင် အုတ်ဖိုလမ်းနဲ့ သာယာအေးရပ်ကွက် အစပ်မှာရှိတဲ့ လူနေအိမ်တွေကို မနက်စောစော လူအင်အားအများအပြား အသုံးပြုပြီး လာရောက်ဖျက်ဆီးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖျက်တဲ့နေရာက အုတ်ဖို၊ သာယာအေးအစပ်နားမှာ။ မနက်အစောကြီး ငါးနာရီခွဲလောက်ပေါ့။ လူ အင်အားနဲ့ ဘူဒိုဇာတွေနဲ့ အဲဒီလိုမျိုးဖျက်တာ။ ဘုန်းကြီးကျောင်း မုဒ်ဝတွေပါ ပါတာပေါ့။ ဖျက်ပြီးသွားပြီးလေ” လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုဖျက်ဆီးခံလိုက်ရတဲ့ လူနေအိမ်တွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တချို့က အကွက်ရိုက်ရောင်းချခဲ့တာဖြစ်ပြီး အခိုင်အမာတည်ဆောက် နေထိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အကြောင်းကြားစာအရ နယ်/လုံဝန်ကြီးရဲ့ ညွှန်ကြားချက်ကြောင့် လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်အတွင်းရှိ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူးအမည်နဲ့ လန/၃၉ ခွင့်ပြုမိန့် ရရှိထားတဲ့ မြေဧရိယာ ၁၁.၂၃၉ ဧကအတွင်းက ကျူးကျော်အဆောက်အဦတွေကို ဖျက်သိမ်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီမြေဧရိယာအတွင်းမှာ ကျန်ရှိနေတဲ့ အဆောက်အဦတွေကိုလည်း လာမယ့်ဇန်နဝါရီ ၃၀ ရက်နေ့အတွင်း နောက်ဆုံးထား အမြန်ပြန်လည်ဖျက်သိမ်းဖို့ အကြောင်းကြားစာတွေ ပို့ထားပါတယ်။

အခုလို သတ်မှတ်ရက်အတွင်း အဆောက်အဦတွေကို မဖျက်သိမ်းပါကပြည်နယ် စည်ပင်သာယာ ရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပေမယ့် သတ်မှတ်ရက်မတိုင်မီ လိုက်လံဖျက်ဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီ လက်အောက်ခံတွေက ကျူးကျော်ဆိုပြီး လိုက်လံဖျက် ဆီးနေတဲ့အထဲမှာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် စုစုပေါင်းရာနဲ့ချီ ရှိနိုင်တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

မော်လမြိုင်မြို့မှာတော့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက အခကြေးငွေယူကာ ငှားရမ်းထားတဲ့ မြေတွေကို ပြန်လည်သိမ်းယူတာတွေရှိသလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ရောင်းချထားတဲ့ ရပ်ကွက်ပိုင်မြေတွေအပြင် လယ်ယာမြေတွေကို ပြန်လည် သိမ်းယူမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.