ရေဖြူ၊ ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ဧရိယာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

အဲဒီလို စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နဘုလယ်၊ မူးဒူ၊ နဘုတန်း၊ သကျက်နီစတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးချိန်အတွင်း လမ်းမှာတွေ့သမျှ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒေ သခံတွေဟာ စိုးရိမ်စိတ်နဲ့ နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာပဲ ထားဝယ်အထူးစီးပွားရေးဇုန်ဘက်မှာ သေနတ်ပစ်ဖောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားသလို အခုနှစ် အစပိုင်းမှာလည်း စီမံကိန်းကို ပြန်လည်အကောင်အထည်အဖော်မယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာထဲ ၂၀၂၂ ခုနှစ်ကပြီး စစ်ကောင်စီတပ်က အကြိမ် ကြိမ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ဖူးသလို စစ်ကြောင်းထိုးတဲ့အခါတိုင်းမှာလည်း နှစ်ဖက်တိုက် ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်း ဧရိယာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာအများအပြားက ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.