မော်လမြိုင် ၊ ဇန်နဝါရီ ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ယာယီသမ္မတ ဒူ ဝါလရှီးလက ပြောပါတယ်။

ဒါပေမယ့် ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင်သေးဘဲ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ကြိုးစားပြီး ရပ်ပစ်လိုက်လို့ရတဲ့ သဘောမျိုးမဟုတ်ဘူးလို့ ဇန်နဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG ရဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။

တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဟာ လုပ်ငန်းစဉ် Process ဖြစ်တာကြောင့် တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစားတည်ဆောက်နေဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါမှသာ ပိုမိုအားကောင်းတဲ့ မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်တွေကို ခိုင်ခိုင်မာမကျစ်ကျစ်လစ် လစ်နဲ့ တည်ဆောက်နိုင်မယ်လို့ ယူဆကြောင်း ယာယီသမ္မတက ပြောပါတယ်။

တည်ဆဲအခြေအနေအရ မဟာမိတ်တွေရဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာဆက်လက်ရရှိရေးဟာ အမျိုး သားညီညွတ်ရေးအစိုးရအတွက် အရေးကြီးသလို နွေဦးတော်လှန်ရေးအတွက်လည်း အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။

NUG ရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အဓိက ပါဝင်နေပြီး အခြားတိုင်းရင်းသားလက်နက်အဖွဲ့ တချို့နဲ့လည်း စစ်ရေးအရ ပူးပေါင်းမှုတွေ ရှိနေတာပါ။

လက်ရှိ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တာကြောင့် ဒေသစွဲနဲ့ ကိုယ့်နေ ရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေမဟုတ်ဘူးဆိုတာ နား လည်ဖို့လိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် ဒေသစွဲစိတ်ကို ဖျောက်ပြီး တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာဒေသမှာမဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲအသင့်ရှိနေစေချင်တယ်လို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့အပတ် အစည်းအဝေးမှာလည်း တိုင်းရင်းသားမဟာမိတ်အဖွဲ့ တွေနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့လိုတယ်လို့ ယာယီသမ္မ တ ဒူဝါလရှီးလက ထုတ်ပြောထားတာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ဖွဲ့ဝင်တွေအားလုံးဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေလွတ်မြောက်ရေးအတွက် ပြည်နယ်အားလုံးမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.