သထုံ၊ ဒီဇင်ဘာ ၃၁
ကရင်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပတဲ့ နေရာ နှစ်ခုကို စစ်ကောင်စီ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် KNU သထုံခရိုင် ယိုကလားနဲ့ ထီးဖဒိုထာအကြားနဲ့ ဖာပွန်ခရိုင် နိုဖောထီးကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲနဲ့ အားကစားပွဲတွေ ကျင်းပရာနေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုလုပ်ရပ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးတွေ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူတွေကို သွေးစွန်းညစ်ထေးကာ သေကြေပျက်စီးစေဖို့ ရည်ရွယ်တဲ့လုပ်ရပ်အဖြစ် KNU က သတ်မှတ်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခေတ်သစ်မြန်မာသမိုင်းတလျှောက် အစိုးရအဆက်ဆက်ရဲ့ အသိအမှတ်ပြုမှုကိုခံခဲ့ရတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားတိုက်ခိုက်လိုက်တဲ့ သမိုင်းဝင်သင်္ကေတ လက္ခဏာတစ်ရပ်လည်းဖြစ်တယ်လို့ KNU ကဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကရင်လူမျိုးတွေကို “ယဉ်ကျေးမှုထိန်းသိမ်းရန်တိုက်တွန်းသည်” ဟု ဟန်ပြပြောဆိုပေမယ့် ဒီတိုက်ခိုက်မှုနဲ့ သူတို့လိုလားတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့ဟာ စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပြသခြင်းလည်း ဖြစ်တယ်လို့ KNU က တုံ့ပြန်ပြောဆိုပါတယ်။
ကရင်နှစ်သစ်ကူးနေ့ကို သဝဏ်လွှာပေးပို့ပြီး နှစ်သစ်ကူးအခါသမယမှာ ကရင်တိုင်းရင်းသားတွေကို ဆုမွန်ကောင်းတောင်းပေးနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကရင်နှစ်သစ်ကူးနေ့မှာပဲ ကရင်ပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU