နေပြည်တော် ၊ နိုဝင်ဘာ ၂၉
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်တွေကို အရင်က ကျပ်ဘီလီယံ ၃၉,၀၀၀ ကျော်သုံးစွဲဖို့ လျာထားပေမယ့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာ ကျပ်ဘီလီယံ ၄၁,၀၀၀ ကျော်အ ထိ တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ပြည်ထောင်စုအပါအဝင် တိုင်းနဲ့ပြည်နယ်တွေရဲ့ အခုဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ငွေတောင်းခံမှုတွေကို ကော်မရှင်က အတည်ပြုပေးရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုတွေကို စိစစ်ရာမှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် လစဉ်ထောက်ပံ့နေတဲ့ အပို ထောက်ပံ့ကြေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အ သုံးစရိတ်တွေကို တိုးမြှင့်လျာထားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဘယ်လောက်ထိ လျာထားလဲဆိုတာ အသေးစိတ်ထုတ်မပြောသလို ဖြည့်စွက်ဘတ်ဂျက်ထဲ ကာကွယ်ရေးအသုံးစရိတ်ကိုတော့ စစ်ခေါင်းဆောင်က ထုတ်ပြောခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။
ဒီမတိုင်ခင် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာတော့ ဖြည့်စွက်ဘတ်ဂျက်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကထားတင်ပြခဲ့တာပါ။
CDM လေတပ် တပ်ကြပ်ကြီးဇေယျကတော့ စစ်တိုက်နေရတဲ့အတွက် ကုန်ကျစရိတ်အများဆုံးဟာ လေတပ်ဖြစ်ပြီး စစ်မှုထမ်းနဲ့ စစ်သားတွေအတွက် လိုအပ်ချက်အပြင် လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေအတွက်လည်း ပိုပြီးသုံးစွဲဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။
“ဒီပြည်တွင်းစစ်ကြီး တိုက်နေရတာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကတော့ အများဆုံးသုံးမှာ လေ တပ်။ ပြီးလို့ရှိရင် စစ်မှုထမ်းတွေ ဆင့်ခေါ်ထားတဲ့ဟာတွေ စရိတ်စကတွေ။ သူ့စစ်သားတွေရဲ့ လို အပ်ချက် (ကပစ) စက်ရုံတွေပေါ့။ အဓိကတော့ လေတပ်က အများဆုံးသုံးမယ်။ ပြီးလို့ရှိရင် (ကပ စ) စက်ရုံတွေအတွက် သုံးရမှာပေါ့။ ဒီလိုနေရာတွေမှာ ပိုပြီးသုံးစွဲမှာပေါ့။ နောက်တစ်ခုက ဒရုန်းလိုဟာမျိုးတွေမှာလည်း ပိုပြီးတော့ ဝယ်ယူဖြည့်တင်းမှုတွေ ပိုလုပ်ပြီး သုံးစွဲသွားမယ်လို့ မြင်ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ လူထုနဲ့ဆိုင်တဲ့ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူ ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အသုံးစရိတ်တွေကိုလည်း ဖြည့်စွက်ဘတ်ဂျက်ထဲ ခွင့်ပြုပေးရမယ်လို့ ညွှန်ကြားထားတာပါ။
ဒါပေမယ့် အာဏာသိမ်းမှုအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို အများဆုံးသုံးစွဲနေတဲ့ စစ်ကောင်စီက အခုဘဏ္ဍာရေးနှစ်ရဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးစာရင်းကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် မတ် ၃၁ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနရဲ့ ကဏ္ဍ ၄၅ ခုအတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၁၉,၀၀၀ ကျော် ခွင့်ပြုခဲ့တာပါ။ အဲဒီထဲက ကာကွယ်ရေးအသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ ခွင့်ပြုသုံးစွဲခဲ့ပါတယ်။
အာဏာသိမ်းကာလအတွင်း အသုံးစရိတ်တွေကို စိစစ်ဖြတ်တောက်မယ့် လွှတ်တော်မရှိတဲ့အခြေ အနေမှာ စစ်ကောင်စီက ကာကွယ်ရေးကဏ္ဍအတွက် လိုသလောက်ပမာဏကို ပွင့်လင်းမြင်သာမှုမရှိဘဲ ထုတ်ယူသုံးစွဲနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI