လောင်းလုံး၊ စက်တင်ဘာ ၅
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူ လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် စခန်းကြီး၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ဖွားဘုတ်ပြင်နဲ့ ဘူချိုင်းကျေးရွာတို့ကို စစ်ကြောင်းနှစ်ခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
အဲဒီစစ်ကြောင်းဟာ သြဂုတ် ၃၀ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က ကျေးရွာနေသူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ဘူချိုင်းရွာက အသက် ၅၀ အရွယ် အမျိုးသားတွေ ဖြစ်တဲ့ ဦးကျော်သန်း၊ ဦးဖိုးအေး၊ ဦးဘရွှေအပြင် စွန်တောင်ပေါ်ရွာနဲ့ ဖွားဘုတ်ပြင်ရွာကြားလည်း ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒေသခံတွေဟာ သာမာန်တောင်သူတွေနဲ့ ခြံစိုက်စားတဲ့သူတွေ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့် နေရာတွေကို သတင်းမပေးနိုင်တာကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ဘာမှအပြစ်မရှိတဲ့ အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်မှု ကျုးလွန်ခဲ့တဲ့ စစ်တပ်အနေနဲ့ တချိန်မှာ တာဝန်ယူရမှာ ဖြစ်ပြီး ဒီလုပ်ရပ်အတွက် လုံးဝလက်မခံနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဖွားဘုတ်ပြင်၊ ဘူချိုင်းနဲ့ ပြင်ကြီးကျေးရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူရဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဘူချိုင်း၊ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကျောက်ဆင်၊ ကရင်ကြီးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပေးပို့