မကွေး စက်တင်ဘာ ၄

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက ဓားစာခံ ပြည်သူ သုံးဦးကို သတ်ဖြတ်ပြီး အလောင်း လာကောက်မယ့် ကာကွယ်ရေးအဖွဲ့တွေကိုချောင်းမြောင်းပစ်ခတ်ဖို့ အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ သုံးဦးရဲ့အလောင်းကို လာကောက်မယ့် ကာကွယ်ရေးအဖွဲ့တွေကို ချောင်းမြောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

“ရွာသားနှစ်ဦးနဲ့ ကားဆရာတစ်ဦးကို သတ်ဖြတ်သွားပြီးတော့ အဲဒီနားမှာ အစုလိုက် ကင်းပုန်းဝပ်ပြီးစောင့်နေတာပေါ့။ အာရှလမ်းမကြီးနားမှာ အလောင်းတွေက စွန့်ပစ်ထားတာပါ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ထီးလင်း – ဝါးရင်းချိုင်ကားလမ်းဘေးက နဂါးမောက်ခြံရဲ့ အရှေ့တောင်ဘက်နားမှာ စွန့်ပစ်ထားတယ်လို့ သိရပါတယ်။

ဓားစာခံ ပြည်သူသုံးဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ရေမျက်နီကာကင်းစခန်းကနေ ပြန်ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ ထီးလင်းမြို့ရွှေထီးခန်းမက စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းကို စက်တင်​ဘာ ၂ ရက်မှာ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊၁၆၊ ၁၇ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

စစ်ကြောင်းနဲ့အတူ ဓားစာခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်လာတာဖြစ်ပြီး တိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ ဓားစာခံ ၃ ဦးကိုသတ်ဖြတ်တာဖြစ်ပြီး ၁ ဦးကတော့ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စစ်ကောင်စီက လမ်းကြောင်းတလျှောက်ကနေ ဖမ်းလာတာဖြစ်တဲ့အတွက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.