ထားဝယ်၊ သြဂုတ် ၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို ဝင်ဖောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က အဲ့ဒီကျေးရွာထဲကို တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ဒေသခံတွေ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းနေတယ်ဆိုတဲ့ သ တင်းအရ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အလစ်ငိုက်သွားတဲ့အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအ ဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် DNLA၊ TPLF၊ ဧဒင်မူး ထား ဝယ်ပကဖ၊ DGRF ၊ သာဂရစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်ပါတယ်။
မောင်မယ်ရှောင်ကျေးရွာမှာ ငါးရက်ကြာ တပ်စွဲပြီး ဒေသခံနေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့မှာ စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာက ဒေသခံ ၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော်ဟာ လက်ရှိအချိန်အထိ သတင်းအစနမရဘဲ ပျောက်ဆုံးနေကာ ကျန်ဒေသခံတွေကတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။
မောင်မယ်ရှောင်ကျေးရွာမှာ စစ်ကောင်စီတပ် မကြာခဏ စစ်ကြောင်းထိုးတာနဲ့ တပ်စွဲနေထိုင်မှုတွေကြောင့် ဒေသခံပြည်သူအများစုဟာ လွန်ခဲ့တဲ့ နှစ်လကတည်းက နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သွားပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ