ရွှေကျင်၊ ဇွန် ၁၈

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ရေဖြူအိုင်နဲ့ကဇင်းပင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ညောင်လေးပင်အခြေစိုက် အမှတ် ၂၀ ခြေမြန် တပ်ရင်းကနေ ရေဖြူကန်ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် အဘွားဒေါ်သောင်းရင် ထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ရွှေကျင်ဗျူဟာကနေ လက်နက်ကြီး ၁၂၀ မမ ၂ လုံး ထပ်မံပစ်ခတ်ခဲ့အတွက် ကဇင်းပင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကဇင်းပင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ကိုရဲ ထိမှန်သေဆုံးခဲ့ပြီး ဦးငွေစိုးအပါအဝင် ဒေသခံအမျိုးသမီး ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ရွှေကျင်-ကျောက်ကြီးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကလည်း ရွှေကျင်မြို့ ကျွဲတဲရပ်ကွက်ရှိ အဟောင်းပစ္စည်းဝယ်ယူတဲ့ လုပ်ငန်း ခွင်ထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.