မော်လမြိုင် ၊ ဇွန် ၁၉

မွန်ပြည်နယ်မှာ အခုလ ဇွန်လပထမအပတ်ကစပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတဲ့အတွက် မိဘတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဆရာဝန်တွေက သတိပေးတိုက် တွန်းလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားတက်တဲ့ ကူးစက်ရောဂါဖြစ်ပေမယ့် ပြည် နယ်အတွင်းမှာ ဇွန်လဒုတိယပတ်အတွင်း ရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာခဲ့တာပါ။

လတ်တလော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ကလေးငယ်တွေမှာ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုတွေ မတွေ့ရသေးပေမယ် အထူးဂရုစိုက်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

ဆရာဝန်တစ်ဦးကတော့ ဒီကာလမှာ ကလေးငယ်တွေ ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဟုတ် မဟုတ် သတိထားစောင့်ကြည့်ထားနဲ့ မှိန်းနေတဲ့လက္ခဏာပြရင် နီးစပ်ရာ ဆေးရုံဆေးခန်း အမြန်ဆုံးပို့ဆောင်ကုသကြဖို့ တိုက်တွန်းပါတယ်။

“ကလေးတွေကတော့ ဘာကြောင့်ပဲဖျားဖျား ဖျားပြီးဆိုလို့ရှိရင် အရင်ဆုံး သွေးလွန်တုပ်ကွေးကို စဉ်းစားရမှာပေါ့။ စိတ်ပူရမယ့် အခြေအနေတွေက ကလေးက အဖျားရက်ရှည်တယ်။ အဖျားမကျဘူး။ တက်လိုက်ကျလိုက် ဖြစ်နေတယ်။ နောက်ပြီးရင် ကလေးကအရည်တွေ၊ အဖတ်တွေ ကောင်း ကောင်း မစားနိုင်ဘူး။ အဖျားကျပြီး ကိုယ်တွေအေးစက်သွားပေမယ့် ကလေးက လန်းလန်းဆန်းဆန်းမရှိဘူး မှိန်းနေမယ်။ အဲဒီလိုအခြေအနေမျိုးဆိုရင်တော့ သတိပြုရမယ့် အခြေအနေပေါ့။ ဆေး ရုံဆေးခန်း မြန်မြန်ပြဖို့ လိုတဲ့အခြေအနေပေါ့”လို့ ဆိုပါ တယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရ မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နယ်တစ်ခုတည်းမှာပဲ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၀ ကျော်အထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင်ကျား ကိုက်ခံရာကနေ ကူးစက်တဲ့ရောဂါဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်တွေကို ဒီကာလအတွင်း အမြဲမပျက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

လက်ရှိကာလဟာ မိုးရာသီကာလအစပဲ ရှိသေးတာကြောင့် ရှေ့ဆက် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာဖို့ ရှိသလို ကလေးသူငယ်တွေအနေနဲ့ ဖျားနာလာပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ပြသဖို့လိုအပ်ပြီး ဆေးကုသမှုမခံယူပါက သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးသူငယ်တွေမှာ အများဆုံး ဖြစ်ပွားတာတွေ့ရပြီး ကျန်တဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေအထိ ဖြစ်ပွားမှု ရှိတာကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ လိုအပ်တာပါ။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော် ရှိပြီး အဲဒီထဲမှာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.