ကျိုက်မရော၊ ဇွန် ၁၉

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ထံ ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် တခြားအကျဉ်းသူတွေ ရိုက်နက်နှိပ်စက်ခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ထောင်ဆူပူမှုဖြစ်ပြီးနောက် ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၆၀ ကျော်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရတာပါ။

အဲဒီထဲက ဒိုက်ဦးအကျဉ်းထောင် ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသူတွေပါလာတဲ့ ပစ္စည်းတွေကို ရှာ ဖွေရေး လုပ်ဆောင်ချိန်မှာ ကျိုက်မရောထောင်မှပါလာတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေကို ထောင်ဝန်ထမ်းတွေက သိမ်းယူထားတဲ့အတွက် အကျဉ်းသူတွေမှ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုမှုကို အမျိုးသမီးထောင်ဝန်ထမ်းတွေက ဖြေရှင်းပေးခြင်းမရှိဘဲ အမျိုးသားအရာရှိထောင်ဝန်ထမ်းတွေကို ခေါ်ယူဖြေရှင်းခိုင်းခဲ့ပြီး အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက ရာထူးအာဏာ အလွဲသုံးစားလုပ်ကာ သေနတ်ပစ်ဖောက်တာနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အော်ဟစ်ဆဲဆို ရိုက်နှက်တာတွေ ကျူးလွန်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်သားများကွန်ရက် ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ထောင်အာ ဏာပိုင်တွေဟာ ကောင်းမွန်စွာဖြေရှင်းဖို့ဆိုတဲ့ နည်းလမ်းကို မရွေးချယ်ဘဲ ဖိနှိပ်ဖို့ဆိုတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းခဲ့တာကြောင့် အကျဉ်းသူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေက ရိုက်နှက်ခံခဲ့ရတယ်ပေါ့နော်။ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုးတွေ၊ ကျင်စက်တွေနဲ့ပါ ရိုက်နှက်ခံရပါတယ်။ အမျိုးသမီး ၃၀ ကျော်လောက်ကတော့ ရိုက်နှက်ခြင်းခံခဲ့ရပြီး ကျန်တဲ့ ၅၀ ကျော်ကလည်း လေးခွမှန်ထားပြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်ပေါ့။ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူ ၅ ဦးကျော် လောက်ရှိခဲ့တယ်”လို့ ဆိုပါတယ်။

အဲ့ဒီလို အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် ထောင်ပြောင်းနဲ့ရောက်ရှိလာတဲ့ နိုင်ငံ ရေးအကျဉ်းသူ ၃၀ ကျော်နဲ့ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားပြီး ဦးခေါင်းပေါက်ပြဲ ထိခိုက်ဒဏ်ရာရတဲ့ အကျဉ်းသူ ၅ ဦးကျော်ဟာလည်း ဒိုက်ဦးအကျဉ်း ထောင်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပြပါတယ်။

အခုဖြစ်စဉ်မှာ ကိုယ်တိုင်အမိန့်ပေးပြီး ရိုက်နက်မှုကို ဦးဆောင်ခဲ့ကြတဲ့ ထောင်ဝန်ထမ်းအရာရှိတွေမှာ ဦးစီးအရာရှိ ကျော်ဇေယျ၊ အမျိုးသမီးတွေကို မိုက်ရိုင်းတဲ့ စကားလုံးတွေနဲ့ဆဲဆိုရိုက်နက်သူတွေမှာ ထောင်ဝန်ထမ်းတွေဖြစ်တဲ့ မျိုးသီဟအောင်၊ မင်းဇော်သိန်း၊ ကိုလေးမြင့် (အဆောင်မှူး) တို့ ဖြစ်တယ်လို့ PPNM က အသိပေးထားပါတယ်။

အမျိုးသမီးအကျဉ်းသူတွေကို အရှက်ရစေရန်ဆဲဆိုပြီး ညစ်ညမ်းတဲ့ စကားအသုံးအနှုန်းတွေနဲ့ လူမဆန်စွာ ရိုက်နက်ညှင်းပန်း နှိပ်စက်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်ပေးဖို့ PPNM က တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၁၇ ရက်နေ့အထိ အချက် အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၇၀၀၀ နီးပါး ဖမ်းဆီးခံ ထားရပြီး အဲဒီထဲက ၂၀၀၀၀ ကျော် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.