ဘန်ကောက်၊ ဇွန် ၁၈

လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို ခွင့်ပြုရေး ထိုင်းလွှတ်တော်အမတ်တွေ ဇွန် ၁၈ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ထိုင်းဟာ လိင်တူထိမ်းမြား လက်ထပ်ခွင့် တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အဲဒီဥပဒေကို အထက်လွှတ်တော်က ခွင့်ပြုမယ်လို့ မျှော်လင့်ရပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက် ရပြီးနောက် ဘုရင်ရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်တယ်လို့ ဘုရင့်နန်းတော်သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒါပြီးရင်တော့ ရက်ပေါင်း ၁၂၀ အတွင်း ဥပဒေက အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ထိုင်းဟာ ထိုင်ဝမ်နဲ့နီပေါလ်တို့ပြီးနောက် အာရှမှာ လိင်တူထိမ်းမြားခွင့်ပေးတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလကစပြီး လိင်တူစုံမက်သူတွေ တရားဝင် လက်ထပ်နိုင်တော့မယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဥပဒေသစ်ရဲ့ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ဥပဒေမှာ ယောကျာၤး၊ မိန်းမ၊ လင်၊ မယားဆိုတဲ့ အသုံးအနှုန်းတွေကို ကျား၊မ ကြားနေ အသုံးအနှုန်းတွေအဖြစ် ပြောင်းလဲထားပါတယ်။

လိင်တူ လက်ထပ်ထားသူတွေအနေနဲ့ သာမန်စုံတွဲတွေလိုပဲ ကလေးမွေးစားခွင့်၊ အမွေဆက်ခံပိုင်ခွင့်တို့ကို တရားဝင် ရရှိလာမှာပဲဖြစ်ပါတယ်။

ဘန်ကောက်မြို့ မြို့လယ်ကောင်မှာ လိင်တူထိမ်းမြားခွင့်ဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေ စုဝေးအောင်ပွဲခံဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ထိုင်းဟာ လိင်တူစုံမက်သူများ အသိုင်းအဝိုင်းအပေါ် သည်းခံနိုင်မှုအတွက် ကျော်ကြားနေတာကြာပြီဖြစ်ပြီး အများပြည်သူကလည်း လိင်တူ ထိမ်မြားခွင့်ကို ထောက်ခံကြောင်း သဘောထား စစ်တမ်းတွေက ဖော်ပြနေပါတယ်။

၂၀၀၁ ခုနှစ်မှာ နယ်သာလန်နိုင်ငံက ပထမဆုံးအနေနဲ့ လိင်တူ လက်ထပ်ခွင့် ပေးခဲ့ပြီးနောက် ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၃၀ ကျော်မှာ လိင်တူ ထိမ်းမြားခွင့် ပေးထားပါတယ်။

အာရှမှာ ထိုင်ဝမ်နဲ့ နီပေါလ် နှစ်နိုင်ငံတည်းကပဲ လိင်တူထိမ်းမြားခွင့် ပေးထားပြီး အိန္ဒိယက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်း ခွင့်ပြုဖို့ နီးစပ်ခဲ့ပေမယ့် တရားရုံးချုပ်က လွှတ်တော်ကနေတဆင့် ဆုံးဖြတ်ဖို့ ပြန်လွှဲပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.