မြဝတီ၊ ဇွန် ၁၉

ထိုင်း-မြန်မာ နယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ဖမ်းဆီးရမိထားတဲ့သူတွေကို အရေးယူသွားမယ်လို့ ထိုင်းသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အခုလ ဇွန်လအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်တွေဖြစ်ကြတဲ့ မဲဆောက်-မြဝတီ နယ်စပ်၊ ဘုရားသုံးဆူ-စံခရာဘူရီနယ်စပ်စတဲ့ နယ်စပ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတဲ့အကြောင်း ထိုင်းသတင်းရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၉ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပြီးနောက် ဖုတ်ဖရရဲစခန်းထံ လွှဲပြောင်းပေးလိုက်တယ်လို့ ထိုင်းသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ မဲဆောက်မီဒီယာက ဖော်ပြပါတယ်။

ဒါ့အပြင် ဇွန် ၁၇ ရက် ညပိုင်းကလည်း ဘုရားသုံးဆူနယ်စပ်ကနေတဆင့် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ထိုင်းအာဏာပိုင်တွေက စံခရာဘူရီမြို့နယ်ထဲမှာ ဖမ်း ဆီးရမိခဲ့ပြီး စံခရဘူရီ ရဲစခန်းထံ ခေါ်ဆောင်သွားကာ အရေးယူသွားမယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင် တာဝန်ရှိသူတို့ဟာ နယ်စပ်ကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးရမိတာတွေရှိသလို ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း လိုက်လံဖမ်းဆီးတာတွေရှိနေတယ်လို့ သိရပါတယ်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF ရဲ့ ပြောခွင့်ရသူ ဦးအောင်ကျော်က လတ်တလောမှာ ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို နေရာတိုင်းမှာ ရှာဖွေစစ်ဆေးတာတွေရှိနေပြီး တားမြစ်ထားတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းသတင်းတွေအရ ထိုင်းနိုင်ငံထဲနဲ့ နယ်စပ်ဒေသတွေမှာ နှစ်လတာအတွင်း အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဦးရေ သောင်းဂဏန်းအထိ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဦးအောင်ကျော်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရား ဝင်နည်းလမ်းနဲ့ရော တရားမဝင်နည်းလမ်းတွေနဲ့ပါ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မြန်မာအပါအဝင် အထောက်အထားမဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောက်ကတ်လို့ခေါ်တဲ့ အလုပ်သမားကတ်ကို ပြုလုပ်ပေးသွားမယ့်အကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ကြေညာခဲ့ပြီး ပန်းရောင်ကတ်ပြုလုပ်သွားမယ့် အသေးစိတ်အချက်အလက်ကို နောက်တစ်ကြိမ်မှာ ကြေညာပေးသွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Thai Royal Army

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.