တနင်္သာရီ၊ ဇွန် ၁၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် အောင်သာဝရစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အဲဒီစခန်းနဲ့ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်ကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

တပ်အင်အား ၆၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ဇွန် ၁၅ ရက်နေ့မှာ တပ်အင်အား ၃၀ ကျော်တပ်စွဲထားတဲ့ ကျောက်ကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ အားလုံးစခန်းစွန့်ခွာထွက်ပြေးသွားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့ ကျောက်လုံးကြီးစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး အသေးစိတ် သတင်းထုတ်ပြန်ပေးမယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောင်သာဝရစခန်းသိမ်း တိုက်ပွဲအတွင်း သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၇ လောင်း တွေ့ရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် ကျည်ဆံအမြောက်အမြားနဲ့ ဆက် စပ်ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်သာဝရစခန်းနဲ့ ကျောက်ကြီးစခန်းတို့ဟာ ပုလောမြို့အခြေစိုက် အမှတ် ၂၈၅ ခြေမြန်တပ်ရင်းရဲ့ အရှေ့ တန်စခန်းတွေဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ တပ်စခန်းတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်စခန်း ၁၀ ခုအထိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.