မြဝတီ၊ ဇွန် ၁၈

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ဒီကနေ့ ဇွန် ၁၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စုကလိဒေသရှိ စစ်ကောင်စီတပ်ရဲ့ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ စခန်းကို အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တာပါ။

စုကလိတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံကနေ သိရှိရပြီး စုကလိတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပူးပေါင်းအဖွဲ့ဖြစ်တဲ့ SOG တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်ရင်းနဲ့ ခလရ ၃၂ တပ်တို့ ပူးတွဲထိုင်ထားတဲ့ စုကလိတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချလာရောက်ပူးပေါင်းဖို့၊ ပူးပေါင်းလာမှုမရှိပါက စခန်းကို ရရှိအောင် တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက KNLA KNDO တပ်ဖွဲ့က အသိပေးစာ ပေးပို့ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SOG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.