ရေဖြူ ၊ ဇွန် ၁
မွန်လူမျိုးအခြေပြု လက်နက်တပ်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ လတ်တ လော အကြောင်းအမျိုးမျိုးကြောင့် မွန်-တနင်္သာရီနယ်စပ် ရေဖြူဒေသမှာ စစ်ရေးလှုပ်ရှားမှု ခေတ္တ ခဏ ရုတ်သိမ်းလိုက်တယ်လို့ မေ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မွန်ပြည်တော်လှန်ရေးတပ်ဟာ မွန်ပြည်နယ် ရေးမြို့ နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့ နယ်တို့မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ အခုလို ရေဖြူဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကို ခေတ္တရုတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သံလွင်တိုင်းမ်ကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အခြားသော မဟာမိတ်တပ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ ABSDF နဲ့ ကံပေါက်ဒေသ PDF တို့နဲ့အတူ ရေဖြူမြို့ နယ်မှာ လှုပ်ရှားမှုတွေ လုပ် ဆောင်ခဲ့တာ ကြာပါပြီ။ လွန်ခဲ့ တဲ့ တစ်ပတ်နှစ်ပတ်လောက်က တခြားတပ်တွေလည်း ရောက်ရှိလာပြီးတော့ လှုပ်ရှားမှုတွေအတူ လုပ်ဆောင်တာတွေရှိတယ်။ အဲဒီအပေါ်မှာ မလိုလားအပ်တဲ့ (ဆိုရှယ်မီဒီယာ) Post တွေ တက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးတည်ချက် ရည်မှန်း ချက်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကိုလည်း သံသယရှင်းစေလိုတဲ့ ဆန္ဒနဲ့ တပ်တွေကို ရုတ်သိမ်းလိုက်တာဖြစ်တယ်”လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပူးပေါင်းပြီး ရေဖြူဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ မွန်တပ်ကို အနိုင်ကျင့်တိုက်ခိုက်ခဲ့တယ်လို့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါသေးတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ AD နဲ့ မွန်တပ်ဘက်က တာဝန်ရှိသူတွေကတော့ နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
MSRF အနေနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်ရာမှာ မွန်လက်နက်ကိုင်တပ်တွေနဲ့ PDF တပ်တွေကို ပူးပေါင်းလက်တွဲဖို့ မူတွေချမှတ်ထားပြီး အင်အားကြီးလက်နက်ကိုင်အဖွဲ့က အင်အားငယ်လက်နက်ကိုင်အဖွဲ့ကို အနိုင်ကျင့်တာ လက်မခံဘူးလို့ ဆိုပါတယ်။
တစ်ဘက်မှာ သံဃာတော်တွေ အရပ်သားပြည်သူ ပညာရှင်တွေ သဘောဆန္ဒအတိုင်း ရည်ရွယ်ပြီး မွန်လက် နက်ကိုင်တပ်ဖွဲ့တွေကြား ညီညွတ်ရေးတည်ဆောက်ဖို့ MSRF အနေနဲ့ မွန်လက်နက်ကိုင်အဖွဲ့တွေကို စကားပြောဆွေးနွေးတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် လောလောဆယ်မှာ စစ်ရေးနဲ့ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မဟာ မိတ်တပ် PDF တို့နဲ့အတူ စစ်ရေးပူးပေါင်းလှုပ်ရှားမှုတွေ ရှိနေပြီး အခြားသော လက်နက်ကိုင်တပ်တွေနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ စကားပြော အချိန်ယူနေတာရှိတယ်လို့ အသိပေးထားတာပါ။
“မွန်ပြည်တော်လှန်ရေးတပ်က NMSP-AD နောက်ပြီးတော့ အခြားသော မွန်တပ်တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေရှိပါတယ်။ MSDF မွန်ပြည်ကာကွယ်ရေးတပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြု လုပ်ခဲ့ပြီးတော့ အခုဆိုလို့ရှိရင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် အခြားသော ပူးပေါင်းဆောင် ရွက်မှုတွေလည်း စတင်လုပ်ဆောင်နေတာရှိပါတယ်။ ဒါပေမယ့် MSDF မွန်အဖွဲ့ကလွဲရင် ကျန်တဲ့မွန်တပ်ဖွဲ့တွေနဲ့ ဘယ်တပ်ဖွဲ့နဲ့မှ မဟာမိတ်အ ဖြစ် ဖွဲ့စည်းထားခြင်း မရှိသေးဘဲနဲ့ စစ်ရေးပူးတွဲလုပ်ဆောင်မှုတွေလည်း လုံးဝမရှိသေးဘူးဆိုတာ ကျွန်တော်ပြတ်ပြတ်သားသား ပြောလိုပါတယ် ခင်ဗျ” နိုင်နဂါးက ပြောပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ မွန်လူမျိုးတွေရဲ့ အခွင့်အာ ဏာအပြည့်အဝရှိတဲ့ မွန်ပြည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင် စစ်ကောင်စီကို တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေဖြူဒေသကနေ တပ်ရဲ့လှုပ်ရှားမှုတွေ ရုတ်သိမ်းလိုက်ပေမယ့် မွန်ပြည်နယ်မှာ ရှိတဲ့ ရန်သူ့ တပ်စခန်းတွေအားလုံးကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSRF