နေပြည်တော် ၊ ဧပြီ ၃၀
နိုင်ငံအနှံ့တိုက်ပွဲတွေမှာ စစ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၆၇ နှစ်ထက် မကျော်တဲ့ စစ် သားဟောင်းတွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်စစ်မှုထမ်းဖို့ လျှို့ဝှက်ညွှန်ကြားထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်သားဟောင်းတွေကို ပြန်လည်စစ်မှုထမ်းခိုင်းနိုင်ဖို့အတွက် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းစည်းမျဉ်းကို ဧပြီ ၁၂ ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးက လျှို့ဝှက်ထုတ်ပြန်ခဲ့တာပါ။
အဲဒီထဲမှာတော့ စစ်တပ်က မိမိဆန္ဒအလျောက် နုတ်ထွက်သူနဲ့ အငြိမ်စားယူထားတဲ့ အသက် ၆၇ နှစ် မကျော်လွန်တဲ့ စစ်မှုထမ်းဟောင်းအရာရှိ၊ စစ်သည်ဟောင်းတွေအနေနဲ့ စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်း အောင်မြင်ပါက အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ တာဝန်ရှိတဲ့ စစ်မှုထမ်းဟောင်း အရာရှိ၊ စစ်သည်တွေကိုတော့ အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်ရေးအမိန့်စာကို အခွင့်ရ စစ်ဘက်အာဏာပိုင်က ထုတ်ပြန်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဟောင်းတစ်ဦးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့အနားမှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေကို တပ်မှမထွက်စေချင်တာနဲ့ ဆက်လက်အုပ်ချုပ်ချင်တာကြောင့် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူ့အနားမှာရှိတဲ့ လူကြီးတွေက ထွက်ချင်နေတယ်။ ရာခိုင်နှုန်း တော်တော်များများက အဲဒီအတွက်ကြောင့်မို့လို့ သူကိုယ်တိုင်ကလည်း အသက် ၆၅ လောက်ရှိပြီးလေ။ သူကိုယ်တိုင်ကလည်း ဆက်လုပ်ချင်တယ်။ သူ့အနားမှာရှိတဲ့ သူတွေကိုလည်း မထွက်စေချင်ဘူးကွာ၊ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီဥပဒေကို သူ့အတွက် အရင်ဆွဲထားတာ”လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ထုံးစံအရ စီနီယာနဲ့ ဂျူနီယာဆိုတာရှိတဲ့အတွက် အရင်အရာရှိဟောင်းတွေက လက်ရှိအရာရှိတွေရဲ့ အမိန့်ပေးမှုကို လက်ခံနိုင်မှာမဟုတ်သလို အတင်းအကျပ် ခိုင်းစေပါကလည်း တပ်တွင်းပြဿနာ ကြီးမားလာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
စစ်မှုထမ်းဟောင်းအများစုဟာ စစ်တပ်က ထွက်ခွာရတာဟာ ကျန်းမာရေး မကောင်းတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးထားတာအပြင် အသက်အရွယ်ကြီးရင့်နေတာကြောင့်ဖြစ်ပြီး အခုလို ၆၇ နှစ်အောက်ကို စစ်မှုထမ်းခိုင်းပါကလည်း ထိရောက်မှာမဟုတ်ဘူးလို့ စစ်မှုထမ်းဟောင်းတွေက ဝေဖန်ပါတယ်။
စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့လိုအပ် ချက်တွေ ဘက်စုံကများပြားနေတာကြောင့် အခုလို ၆၇ နှစ်ထိ တိုးချဲ့ ခေါ်တာဖြစ်သလို စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ပျက်ပြားမှုအခြေအနေ ဘယ်လောက်ဆိုးလဲဆိုတာကို သက်သေပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
“သူ့စစ်တပ်ရဲ့ ဖွဲ့စည်းပုံပျက်နေတဲ့ အနေအထားကို ဖော်ပြတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဆိုလိုတာက ရှေ့တန်းထွက်တဲ့ သူတွေလည်ကုန်ပြီ။ နောက်တန်းလုပ်မယ့်သူလည်း မရှိတော့တဲ့အခါကျတော့ ဒီစစ်မှုထမ်းဟောင်းတွေကို နောက်တန်းလုပ်ငန်းတွေ၊ ရုံးလုပ်ငန်းတွေခေါ်ဖို့ အ တွက် သူကတော့ မဖြစ်မနေ ၆၇ နှစ်ထိ သူကတိုးချဲ့ပြီးတော့ ခေါ်ဆိုလိုက်ပုံရပါတယ်။ ဒါက သူစစ်တပ်ရဲ့ ဖွဲ့စည်းပုံပျက်ပြားမှု အခြေအနေက ဘယ်လောက်ထိ အနေအထား ဆိုးတယ်ဆိုတာကို သက်သေထူပြနေတယ်လို့ ကျွန်တော်တော့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားစာအရ အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဟောင်းတွေဖြစ်ပါက လှုပ်ရှားစစ်ဆင်ရေး တာဝန်ယူရမှာဖြစ်သလို အသက် ၅၅ နှစ်နဲ့ ၆၇ နှစ်ကြားဖြစ်ပါက တပ်၊ ဌာန ချုပ်တွေ၊ စစ်ဆင်ရေး ခြေကုပ်စခန်းတွေနဲ့ နေရာလုံခြုံရေးတာဝန်ကို ယူရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းမယ့် အရန်တပ်ဖွဲ့ဝင်တွေဟာ အနည်းဆုံး အချိန်ပြည့် ၃ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး ဆက်လက်စစ်မှုထမ်းလိုပါက တစ်ကြိမ်လျှင် ၁ နှစ်နဲ့ ၂ ကြိမ် ဆန္ဒပြုနိုင်တယ်လို့ ပါရှိပါတယ်။
သာမန်အချိန်တွေမှာ အချိန်ပြည့် စစ်မှုထမ်းသက်ကို ၅ နှစ်ထက် ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မပြုပေမယ့် နိုင်ငံတော်အကျိုးအတွက် လိုအပ်ပါက ၅ နှစ်ထက်ပိုပြီးလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ တာဝန်ပေးအပ်နိုင်တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီအပြင် အရန်တပ်ဖွဲ့ဝင်တစ်ဦးဟာ အချိန်ပြည့် စစ်မှုထမ်းသက် ၃ နှစ်မပြည့်ဘဲ နုတ်ထွက်ခွင့် တင်ပြလို့မရသလို စစ်မှုထမ်းရန် တာဝန်ရှိသူဟာဆိုရင် လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန် ပျက်ကွက်ပါက အငြိမ်းစားအကျိုးခံစားခွင့်ကို ခေတ္တဆိုင်းငံ့မယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီက ပြန်လည်အသက်သွင်းလိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၃ ရက်နေ့မှာ အသက်သွင်းခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI