မော်စကို၊ ဧပြီ ၃၀

အနောက်တိုင်းရှိ မိမိတို့အရန်ငွေတွေကို အမေရိကန်က သိမ်းဆည်းရင် ရုရှားရှိ အမေရိကန်နိုင်ငံ သားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး တုံ့ပြန်မယ်လို့ ရုရှားအကြီးတန်း လုံခြုံရေးအရာရှိ ဒီမီထရီ မက်ဗီဒေ့ဗ်က ပြောပါတယ်။

အမေရိကန်ဘဏ်တွေမှာ သိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ဘိုင်ဒန်အစိုးရက သိမ်းယူပြီး ယူကရိန်းထံ လွှဲပြောင်းပို့ဆောင်ခွင့်ရှိတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်လွှတ်တော်အမတ်တွေက အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ တရားမဝင်ဘဲ လက်တုံ့ပြန်မှုနဲ့သာ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားက ပြန်လည် ခြိမ်းခြောက်ထားတာပါ။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကြောင့် အမေရိကန်က သူ့ရဲ့မဟာမိတ်တွေကို ရုရှားဗဟိုဘဏ် ဘဏ္ဍာရေးဝန်ကြီး ဌာနတို့ရဲ့ ငွေပေးပို့မှု မလုပ်ဖို့ တားမြစ်ထားပါတယ်။

နောက်ပြီး အမေရိကန်က သူတို့ရဲ့ဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာသာ မဟုတ်ဘဲ ဥရောပမှာ အများစု ရှိနေတဲ့ ရုရှားပိုင်ဆိုင်မှုပေါင်း ဘီလီယံ ၃၀၀ ကျော်ကို သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။

ဂျီ ၇ အဖွဲ့ကလည်း သိမ်းဆည်းထားတဲ့ ရုရှားရန်ပုံငွေတွေနဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို လေ့လာနေပါတယ်။

ပူတင်ရဲ့ရင်းနှီးတဲ့ မဟာမိတ်တစ်ယောက်ဖြစ်ပြီး ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်ဥက္ကဌ ဖြစ်သူ မက်ဗီဒေ့ဗ်က ရုရှားအနေနဲ့ အမေရိကန်က အရန်ငွေတွေကို သိမ်းယူသလိုမျိုးတော့ လက်တုံ့ပြန်နိုင်မှာ မဟုတ်ဘူး လို့ ပြောကြားပါတယ်။

မိမိတို့နိုင်ငံမှာ အမေရိကန်ပိုင်ဆိုင်မှု များများစားစား မရှိတာကြောင့် အမေရိကန်နိုင်ငံသားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖွယ်ရှိတယ်လို့ မက်ဗီဒေ့ဗ်က ပြောပါတယ်။

ရုရှားဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ရုရှားပိုင်ဆိုင်မှုတွေကို အမေရိကန်က သိမ်းဆည်းခဲ့မယ် ဆိုရင် မိမိတို့ အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်လို့ ပြောထားပေမယ့် ဘယ်လို ကာကွယ်မလဲဆိုတာတော့ မပြောထားပါဘူး။

အနောက်တိုင်းရဲ့ ဒဏ်ခတ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ ယူကရိန်းမှာ လောလောဆယ် အောင်ပွဲ တချို့ရရှိနေပြီး ယူကရိန်းတပ်တွေကလည်း ကျေးရွာသုံးရွာကနေ နောက်ဆုတ်ပေးခဲ့ရ ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.