မကွေး၊ဧပြီ ၂၉
ရခိုင်ပြည်နယ်က စစ်တပ်စခန်းတွေကို ရိက္ခာတင်ပို့ဖို့အတွက် မကွေးတိုင်းအတွင်းက ကုန်တင်ကားတွေကို စစ်ကောင်စီက ချောဆွဲတာတွေလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မကွေး၊ချောက်၊စလင်းနဲ့ ဆင်ဖြူကျွန်းက ကုန်တင်ကားပိုင်ရှင်တွေကို အသက်အာမခံပါ ထည့်သွင်းပြီး ငှားရမ်းနေတာပါ။
စစ်ကောင်စီဘက်က ကားငှားရမ်းချိန်မှာ ကားပျက်စီးရင်လျော်ကြေးမယ့်အပြင် ဒရိုင်ဘာပါ လာပါက အသက်အာမခံတယ်လို့ ပြောနေပေမယ့် လိုက်မယ့်သူမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရခိုင်ပြည်နယ် အမ်းဘက်ကို ရိက္ခာပို့ဖို့အတွက် ငှားရမ်းနေတာ။ ကားပျက်စီးရင်လျော်ကြေး ပေးမယ်။ ဒရိုက်ဘာပါလာရင် အသက်အာမခံတယ်ဆိုပြီးငှားရမ်းနေပေမယ့် လိုက်မယ့်သူ မရှိလို့ ချောဆွဲတော့မယ်လို့ အသံကြားတယ်”လို့ စလင်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်အတွင်းကလည်း ချင်းပြည်နယ်ကို ရိက္ခာပို့ဖို့ ကုန်တင်ကားတွေ ကိုချောဆွဲခဲ့ဖူးပြီး အဲဒီတုန်းကလည်းလိုက်မယ့်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီလိုကားငှားလို့မရတဲ့အတွက် ကားပိုင်ရှင်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်က ဖမ်းဆီးငွေညှစ် တာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ကားအစီး ၇၀ ကျော်နဲ့ ပခုက္ကူတပ်မ ၁၀၁ ကနေ ချင်းပြည်နယ်ဘက် ကို ရိက္ခာပို့ဖို့ ကြိုးစားခဲ့ပေမယ့်အောင်မြင်တာတော့မရှိခဲ့ပါဘူး။
၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ ကားအစီး ၁၂၀ ကျော်ပါ ရိက္ခာယာဉ်တန်းဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးရွာတွေကို ရိက္ခာပို့ဆောင်ခဲ့ချိန်မှာ ကား ၁၀ စီးကျော်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – pauk newsletter page