ဘီးလင်း၊ ဧပြီ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ KNU ဗဟိုက ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်မှာ တဂေးလောင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုံးကြဲခံရတာကြောင့် တဂေးလောင်းကျေးရွာ စာသင်ကျောင်းဆောင် အဆောက်အဦး ၃ လုံး၊ ဒေသခံ ကိုဇော်လင်းပိုင်တဲ့ ဓာတ်ဆီဆိုင်၊ ကိုဝဏ္ဏထွန်းပိုင်တဲ့ ဆိုင်ကယ်ပြင်ဆိုင်၊ နော်ကပေါ်ထူးနဲ့ နေဘလုထူးမိုး နေအိမ်တို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ ဒေသခံအရပ်သားလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNU ဘီးလင်းမြို့နယ် သတင်းတာဝန်ခံရဲ့ ပြောကြားချက်ကို ထပ်ဆင့်ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း တဂေးလောင်းရွာအနီးရှိ မင်းစောရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် မင်းစောရွာစာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.