ပုလော၊ ဧပြီ ၃၀

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းနဲ့ တိုတောင်ပေါ်ရှိ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတို့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မြိတ်ခရိုင်တပ်ရင်း ၁ က စစ်ကောင်စီရဲ့ ပလမြို့ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး၊ တပ်အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ တိုတောင်တပ်စခန်းကို ဗုံးသီးတစ် လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီးနောက် လူနာတင်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းနှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တစ်ညလုံးနီးပါး လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အရပ်သားပြည်သူထိခိုက်မှု ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာလည်း ပလမြို့ရဲစခန်းကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီပထမအပတ်တုန်းကလည်း ပုလောမြို့အခြေစိုက်စစ်ကောင်စီရဲ့ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းကို ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Pala PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.