ဘန်ကောက်၊ ဧပြီ ၂၉
မြန်မာပဋိပက္ခကို ဖြေရှင်းရေးကူညီဖို့ ထိုင်းက ကြိုးပမ်းနေချိန် ဝန်ကြီးများအဖွဲ့ ရာထူးနေရာ အပြောင်းအလဲပြုလုပ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘာဟီဒါ နူကာရာ ရာထူးကနေ နုတ်ထွက်ကြောင်း ထိုင်းအစိုးရက ဧပြီ ၂၈ ရက်နေ့မှာ အတည်ပြုပါတယ်။
သူဟာ မြန်မာ့ပြဿနာကူညီ ဖြေရှင်းရေးအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့လက လူသားချင်းစာနာရေး အကူအညီပေးမယ့် အစီအစဉ်ကို စတင်ခဲ့သလို မြန်မာနိုင်ငံမှာ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်နိုင်ရေး ကြိုးပမ်းနေသူ ဖြစ်ပါတယ်။
ပမ်ပရီဟာ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းဓားစာခံ ဒါဇင်နဲ့ချီ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာလည်း အဓိက နေရာက ပါဝင်ခဲ့သူပါ။
ပမ်ပရီရဲ့ နုတ်ထွက်စာကို ဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က လက်ခံရရှိထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ရိုက်တာ သတင်းဌာနကို ပြောကြားထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ အရာရှိတွေက အစားတာဝန်ယူပေးမှာဖြစ်တဲ့အတွက် ပမ်ပရီ နုတ်ထွက်မှုကြောင့် နိုင်ငံခြားရေးတာဝန်တွေ လစ်ဟင်းမှုရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လက်ထောက်ဝန်ကြီး ဖွမ်သန်အပါအဝင် အကြီးတန်းအရာရှိတွေဟာ ပမ်ပရီရာထူးက နုတ်ထွက်မှုကို အံ့သြနေ ကြပါတယ်။
ပမ်ပရီ ရာထူးက နုတ်ထွက်တာဟာ မျှော်လင့်မထားတဲ့ကိစ္စဖြစ်တယ်လို့ ဖွမ်သန်က ဆိုပါတယ်။
ထိုင်းဘုရင်က လက်ခံအတည်ပြုပြီး နန်းတော်သတင်းစာက ဖော်ပြထားတဲ့ ထိုင်းဝန်ကြီးများအဖွဲ့မှာ ပမ်ပရီကို နိုင်ငံခြားရေးဝန်ကြီးလို့ပဲ စာရင်းသွင်းထားပြီး အရင်ကလို လက်ထောက်ဝန်ကြီးချုပ် ရာထူးကိုတော့ ပူးတွဲ ဖော်ပြမှု မရှိခဲ့ပါဘူး။
ကုန်သွယ်ရေး ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ပမ်ပရီက သူ့ကိုလက်ထောက် ဝန်ကြီးချုပ်ရာထူးက ဖယ်ရှား လိုက်တာဟာ သူ့ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကြောင့် မဟုတ်ဘူးလို့ ယုံကြည်ကြောင်း၊ သူ့အနေနဲ့ နိုင်ငံတကာမှာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်အားကောင်းလာအောင် ကောင်းကောင်းတာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်း သူ့ရဲ့ နုတ်ထွက်စာမှာ ရေးသားဖော်ပြထားပါတယ်။
Ref:Reuters