ကျိုက်မရော ၊ ဧပြီ ၃၀
စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းနဲ့ ဂျိုင်းမြစ်ဒေသကို နယ်မြေစိုးမိုးမှု ပြန်လည်ရယူဖို့ ကြိုးပမ်းရာမှာ ကျောင်းထိုင်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းချထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်ရာမှာတွေ့ရှိတဲ့ အရပ်သားတချို့ကို ဖမ်းဆီးစစ်ဆေးပြီး သတ်ဖြတ်တာ၊ ရမ်းသမ်းပစ်ခတ်တာနဲ့ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာန ဌာနမှူး မိသုတဂျော်က အရပ် သားတွေ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရရှိထားတဲ့ စာရင်းတွေထက် မြေပြင်မှာ ပိုများနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီတစ်လဝန်းကျင်မှာ လက်နက်ကြီးထိလို့ သေဆုံးတဲ့ ရွာသား၊ အမျိုးသမီး၊ ကလေးငယ်၊ နောက် ပြီးတော့ လမ်းသွားလမ်းလာ အိမ်နားမှာ စားစရာသွားဝယ်တာ၊ ရွာပြန်ရာမှာ စစ်ဆေးဖို့ ခေါ်ယူတာကို ကြောက်လို့ လှမ်းပစ်တာ၊ နောက်စစ်ဆေးခေါ်ယူပြီးမှ ပစ်သတ်လိုက်တဲ့ လူဦးရေဆိုရင်တော့ စုစုပေါင်း ၃၀ ကျော် ကျွန်မတို့ စာရင်းရတယ်။ ဒီထက်မက ရှိလာနိုင်တယ်”လို့ ဆိုပါတယ်။
အဲဒီထဲမှာ အဆိုးဝါးအနေနဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၁၄ ရက်နေ့က ကားနဲ့အပြန် သံကလောင်ရွာကျောင်းထိုင်ဆရာတော် ဦးဝါယမအား တရနာရွာအဝင်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်ခဲ့ရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မွန်၊ကရင် PDF မဟာမိတ်ပူးပေါင်းတပ်တွေ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ခဲ့ပြီးချိန်က တည်းက စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ခရုံဂူလမ်းဝကနေ ကော့သပ်၊ ကော့စွယ်၊ တရနာနဲ့ သံကလောင် ကျေးရွာတွေမှာ တဆင့်ချင်း ခြေကုတ်ယူပြီး ကော့ဘိန်းအထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။
ဧပြီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ကြား တရနာနဲ့ သံကလောင်ကျေး ရွာအနီးဝိုက် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ၂၂ ရက်နေ့မှာတော့ ဓမ္မသရွာကို စစ်ကောင်စီက ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၅ ရက်နေ့မှာတော့ ကော့ဘိန်းနဲ့အနီးတဝိုက်ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်း ဝင်လာတဲ့လမ်းတစ်လျှောက်က တွေ့သမျှ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာ၊ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ကြိုးတုပ်သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့သလို ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတချို့လည်း ရှိခဲ့ပါတယ်။
တစ်ဘက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျေးရွာအ တွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းပြီး ဆိုင်ကယ်အပါအဝင်တန် ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ “ရွာအလယ်လောက်က လူဆိုရင် ဘာမှမဖြစ်ဘူး။ ရွာအစွန်ဆို ပစ္စည်းပျောက်တဲ့သူရှိတယ်။ နောက်ပြီး သူတို့စစ်ကြောင်းလာတဲ့အချိန်ဆို (ဒေသခံအရပ် သားတွေ) ရိုက်ခံတာ၊ ပစ္စည်းလုတာရှိတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံတွေကို မိမိတို့ နေရပ်တွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဓမ္မသကျေးရွာအထိ စည်းရုံးခဲ့ပါတယ်။
အလားတူ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေကိုလည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်စည်းရုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသကျေးရွာအုပ်စုအတွင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုင်းဘုတ်ထောင်ပြီး ရွာသားတွေ ပြန်လည်အခြေချဖို့ လိုက်လံနှိုးဆော်ခဲ့တာပါ။
မိသုတဂျော်ကတော့ နေရပ်ပြန်ဖို့ စစ်ကောင်စီတပ်က ပြန်ခေါ်ရာမှာ အရပ်သားတွေ ပိတ်ထားတဲ့ အိမ်တွေကို အတင်းဖွင့်ခိုင်းပြီး ဆိုင်ကယ်နဲ့ ရှိသမျှပစ္စည်းတွေကို သိမ်းယူသယ်ထုတ်နေတဲ့ အနေ အထားလို့ အိမ်အစောင့်အဖြစ် ကျန်နေခဲ့သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အခုလို ပြောပါတယ်။
“နေရပ်ပြန်ပါလို့ ပြန်ခေါ်တဲ့ နေရာမှာ ပြန်သွားတဲ့ အရပ်သူအရပ်သားတွေ၊ ပိတ်ထားတဲ့အိမ်တွေကို (စကစတပ်က) အတင်းဖွင့်ခိုင်းပြီး ရှိသမျှဆိုင်ကယ်တို့၊ စတီးအိုးခွက်ပန်းကန်တွေပါမကျန် ဘီဒိုထဲကရှိတဲ့ အရာတွေ အကုန်လုံး သိမ်းယူလုယက်ယူပြီးမှ တစ်နေ့ကားဆယ်စီးစာအထိ စကစ စစ် သားတွေက တစ်ခါတလေ ဇနီးမယားတွေကို ခေါ်လာပြီး အိုးအိမ်ပစ္စည်း အဝတ်အထည်တွေကို ကောက်ယူပြီး ကားနဲ့ ဂျိုင်းမြစ်ဝှမ်းတလျှောက်က ရွာတွေကနေ သယ်ထုတ်သွားနေတဲ့ အနေအ ထားတွေ ရှိပါတယ်”လို့ ဆိုပါတယ်။
နေအိမ်ကျန်ရှိနေသေးတဲ့ စစ်ရှောင်ပြည်သူတွေကတော့ မိမိတို့ နေရပ်မှာ ပြန်လည်ဝင်ရောက်ဖို့ အခြေအနေ စောင့်ကြည့်နေသေးပြီး အမျိုးသားတချို့က အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေ သွားယူဖို့ ပြန်သွားကြသူတွေ ရှိသလို အိမ်အစောင့်အဖြစ် ကျန်နေခဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ ဂျိုင်းမြစ်ဒေသတိုက်ပွဲအတွင်း ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကောာ့ဘိန်း၊ ကော့ပေါက်၊ သံကလောင်၊ ဓမ္မသ၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စတဲ့ ကျေးရွာနေ ပြည်သူတစ်သိန်းကျော်အထိ နေရပ်စွန့်ခွာသူဦးရေ တိုးလာနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ