ကျိုက်ထို၊ ဧပြီ ၂၃
မွန်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်ရှိ စစ်တောင်းတံတားစစ်ဆေးရေးဂိတ် နှစ်ခုကို ဒီကနေ့ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီကနေ့ မနက် ၅ နာရီကျော်အချိန်လောက်မှာ စစ်တောင်းတံတားရဲ့ ဝေါမြို့နယ်ဘက်ခြမ်း သပြေကန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံး ၆ လုံးချတိုက်ခိုက်ခဲ့သလို ကျိုက်ထိုမြို့နယ်ဘက်ခြမ်း မုပ္ပလင်ဂိတ်ကို ဗုံး ၄ လုံးချတိုက်ခိုက် ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ကျိုက်ထိုဘက်ခြမ်း စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝေါဘက်ခြမ်း စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က စစ်တောင်းတံတားဖြတ်သန်းသွားခွင့် အချိန် ၂ နာရီကျော်ကြာ ပိတ်ပင်ခဲ့ပြီး မနက် ၈ နာရီအချိန်ခန့်မှာ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၁၆ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ အင်္ဂဘိုတာဝါတိုင်ကုန်း၊ ရှော်နီကုန်း၊ လက်ပံပင်သင်္ချိုင်းနေရာတွေကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media