ရေး ၊ ဧပြီ ၂၄

နိုင်ငံအနှံ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်နဲ့အင်အား ယိုင်နဲ့လာနေပေမယ့် မွန်ဒေသမှာတော့ စစ်အုပ်ချုပ်ရေးယန္တားကို ဖြိုချမယ့် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ဒေသမှာ မြို့နယ်တိုင်းလိုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပေမယ့် ရှမ်းမြောက်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ ကရင်နီဒေသတို့နဲ့ယှဉ်ရင် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

တစ်ဘက်မှာ မွန်ဒေသတွင်းက ပြည်သူလူထုတွေရဲ့ တော်လှန်ရေးအပေါ် သဘောထားအမြင်တွေကလည်း ဝိဝါဒကွဲပြားမှုတွေ ဆက်ရှိနေပြီး ဒေသတွင်း လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တော် လှန်ရေး တပ်ဖွဲ့တွေကလည်း တပ်ပေါင်းစုအသွင်ဖြစ်ဖို့ ကြိုးပမ်းနေကြတဲ့အဆင့်ပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက မြို့သိမ်းစခန်းသိမ်းတိုက်ပွဲဆင်နွှဲမယ့် အခြေအနေရောက်အောင် ဒေသတွင်း လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ်တွေအား လုံး ဗျူဟာမြောက်ပူးပေါင်းမှုတွေ လုပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မျက်မှောက်မြေပြင် ပကတိအခြေအနေအရ အခြားခြားသော တိုင်းရင်းသားဒေသလိုမျိုး မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေဆင်နွှဲဖို့ အခြေအနေမပေးသေးဘူးလို့ပဲ ရိုးရိုးသားသား ဝန်ခံရမှာပါ။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးရောက်လာအောင် မွန်ပြည်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ် ဖွဲ့တွေအားလုံး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီကနေတဆင့် အခြားပြည်သူ့ကာကွယ်ရေးတပ်တွေ PDF တွေ မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ကျစ်လစ်ခိုင်မာတဲ့ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရင် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်မှာပါ”လို့ ဆိုပါတယ်။

လက်ရှိ မွန်ဒေသမှာ လှုပ်ရှားနေတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ဟာ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဦးဆောင်မှုအတွင်း စုပေါင်းတည်ရှိနေကြတာပါ။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကလည်း မွန်လူမျိုးတွေ အင်အားတစ်ခုတည်းဖြစ်ဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ မွန်တပ်အပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ မိမိတို့ပူးတွဲလုပ်လို့ရတဲ့နေရာမှာ ပူးတွဲလုပ်ဆောင်ကြဖို့ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက မြန်မာ့နှစ်သစ်ကူးမှာ ကမ်းလှမ်းထားပါတယ်။

ဒေါက်တာ သီရိမွန်ချမ်းကတော့ မွန်လက်နက်ကိုင်တပ်တွေအားလုံး ဗျူဟာမြောက် ပူးပေါင်းလာနိုင်ခဲ့ရင် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အ ထောက်အကူဖြစ်လာနိုင်မယ်လို့ ထောက်ပြပါတယ်။

“တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေးစစ်ရေးအခင်းအကျင်းအောက်မှာ မွန်ပြည်နယ်က မွန်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ MSFC ၊ MSRF၊ MSDF တပ်တွေရဲ့ ကနဦးပူးပေါင်းဆောင် ရွက်မှုကနေ အခြားသော မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေဖြစ်ကြတဲ့ NMSP-AD ၊ MLA၊ RDF တို့နဲ့ ဗျူဟာမြောက် ပူးပေါင်းမှုတွေ လုပ်လာနိုင်ခဲ့ရင် စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာနိုင်မှာပါ”လို့ ပြောပါတယ်။

အာဏာသိမ်းမှုက‌နေ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်တိုင်တိုက်ပွဲ သုံးနှစ်ကျော်အတွင်း တိုင်းရင်းသားဒေသအများစုမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်လာနိုင်တဲ့အထိ လွတ်မြောက်နယ်မြေတွေ တိုးလာနေပါတယ်။

ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ နာမည်ပျက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အာဏာ သိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုဟာ နိုင်ငံအနှံ့မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လွတ်မြောက်နယ်မြေဖော်ဆောင်ဖို့ တွန်းပို့ပေးခဲ့တာပါ။

BNI ရဲ့ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းမြောက်၊ ကရင်နဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက မြို့ ပေါင်း ၅၀ ကျော်အထိ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ မြို့တွေထဲက တပ်စခန်းတွေမှာ အသက်ရှင်ကျန်ရစ်ပြီး စစ် ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေကို အင်အားလျော့နည်းနေတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ကို စေလွှတ်ကာ လက်နက်အင်အားဖြည့်တင်းလာနေတာပါ။

ပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ရေးမြို့ နယ်တဝိုက်ရှိ တပ်တွေမှာ စစ်ကောင်စီက အင်အားဖြည့်လာနေတဲ့အတွက် မြို့ သိမ်းစခန်းသိမ်းတိုက်ပွဲဆင်နွှဲဖို့ အခွင့်အခါကောင်း စောင့်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ပန်းနေတဲ့ တော်တော်လေးကို အကျအဆုံးများနေတဲ့ တပ်တွေကို တောင်ဘက် ကရင်နဲ့ မွန်ဘက်ကို သူတို့ပြောင်းရွှေ့လာတာတွေ့ရတယ်။ ဆိုတော့ ဒီတပ်တွေက အရင်က အင်အားလျော့ နည်းနေတဲ့ ရေးမြို့နယ်တစ်ဝိုက်မှာ တပ်တွေကို အင်အားတွေအများကြီးဖြည့်လာတယ်။ ဟောင်ဝှစ်ဇာအမြောက်တွေလည်း ထပ်ပြီးဆင်ထားတယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ မြို့သိမ်းတိုက်ပွဲ စ ခန်းသိမ်းတိုက်ပွဲတွေကိုတော့ ချက်ခြင်းတော့ ဖော်ဆောင်နိုင်သေးမှာ မဟုတ်ဘူး။ အခွင့်အခါကောင်းတစ်ခုကိုတော့ ကျွန်တော်တို့ စောင့်နေရတယ်လို့ ပြောလိုတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ရေး-ထားဝယ် အမှတ် ၈ ပြည်‌ထောင်စုလမ်းမကြီးကို အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီတပ်က အသုံးမပြုနိုင်တော့ဘဲ ရေကြောင်းကိုသာ အားထားနေရတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်မှာ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်သေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နယ်မြေရဲစခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေကိုတော့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ မွန်နဲ့ ကရင်အစပ် ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်၊ PDF လက် နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်တဲ့အတွက် နှစ်ဘက်စစ်ရေးတင်းမားမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.