ကျိူက်မရော၊ ဧပြီ ၂၄

မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့က ဂျိုင်းမြစ်ဒေသရှိ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို သံချပ်ကာကားတွေနဲ့ အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာရောက်တဲ့အတွက် NMSP AD ပူး ပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တာပါ။

မနက် ၇ နာရီကနေ မနက် ၁၀ နာရီအချိန်အထိ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ NMSP AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်နဲ့ချီ ထိခိုက်သေဆုံးခဲ့တဲ့အတွက် ကားနှစ်စီးနဲ့ပြန်သယ်ထုတ်သွားကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရ ပြန်သိရပေမယ့် အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဓမ္မသတ်တိုက်ပွဲအတွင်း NMSP AD ပူးပေါင်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း သံကလောင်နဲ့တရနာကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တာပါ။

လတ်တလောမှာလည်း ကော့ဘိန်းဒေသမှာ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ အချက်အလက်တွေအရ တစ်လနီးပါးကြာမြင့်လာတဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲကြောင့် ကော့ဘိန်း၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်ကျေးရွာတွေက အရပ်သားပြည်သူ တစ်သိန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.