သထုံ၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် သထုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေ ဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သထုံမြို့နယ် ထုံးဘိုးကြီးဒေသဘက်ကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေဟာ ထုံးဘိုကြီးကျေးရွာမှာ တစ်ကြိမ်၊ ထုံးဘိုလေးကျေးရွာတံတားအနီးမှာ တစ်ကြိမ်၊ ဖားသိမ်နဲ့ ဝမ်းဘဲအင်းကျေးရွာကြားမှာ တစ်ကြိမ်၊ စုစုပေါင်းတိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ဦးယူမှု ရယူနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဒိုစောအေးနိုင်က ဆိုပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပိန္နဲတောတပ်စခန်းထံ ဝင်ရောက်သွားပြီး လက်ရှိမှာလည်း နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား အချိန် ၆ လထက်မနည်း တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်ခဲ့ပေမယ့် အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.