သရက်ချောင်း၊ ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ပဲဒက်ကျေးရွာရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်းကုန်းကို ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ဒရုန်းတပ်ဖွဲ့ (T5 Wings)က ဗုံးသီး ၅ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး တပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒ့ါအပြင် ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာမှာ ဧည့်စာရင်းလိုက်လံ စစ် ဆေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.