လွိုင်ကော် – ဖေဖော်ဝါရီ ၁၄

ကရင်နီပြည်နယ်၊ လွိုင်ကော်ခရိုင်မှာရှိတဲ့ ရှားတောမြို့အခြေစိုက် စစ်ကောင်စီ စေတီကုန်းအထိုင် စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်မြို့လုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ရှားတောမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ဘက်ကဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ အလုံးစုံသိမ်းပိုက်ရရှိ ခဲ့တာပါ။

စစ်ကောင်စီဘက်က မြို့သိမ်းတိုက်ပွဲဆင်နွှဲခံနေရတဲ့အတွက် ရှားတောမြို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ရဟတ်ယာဉ် ၃ စီးနဲ့ စစ်သား အယောက် ၆၀ ကျော်လာရောက်အားဖြည့်ခဲ့သေးတယ် လို့ သိရပါတယ်။ 

အဲဒီတပ်တွေဟာ ရှားတောမြို့အပြင်မှာ စစ်ဘေးရှောင်နေတဲ့ ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် စစ်ရှောင် ၆ ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် ကရင်နီတပ်မတော် KA နဲ့ အဖွဲ့ကလိုက်ခံ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅၀ နီးပါးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉၀ ကျော်သေဆုံးကာ ခမရ ၄၂၈ ဗျူဟာမှူး အပါအဝင် ၃၀ နီးပါးကို အရှင်ဖမ်းဆီးရမိထားပြီး လက်နက်မျိုးစုံ အလက် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။ 

မြေပြင်တိုက်ပွဲမှာ အရေးမလှဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း အဆမပြတ်ပစ်ကူခဲ့တယ်လို့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်နယ်မှာ ရှားတောမြို့၊မယ်စဲ့မြို့၊မော်ချီး ဒေသနဲ့ ရွာသစ်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ် တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုဲံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.