မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲဝင်ရမယ့် လူငယ်တွေဟာ တော်လှန်ရေးတပ်အသီးသီးဝင်ရောက်ဖို့ ဆက်သွယ်နေကြသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လူမှုကွန်ရက်တွေကတဆင့် ရဲဘော်အသစ်တွေ ဖိတ်ခေါ်တာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဘက်က အသက်သွင်းပြီးနောက်ပိုင်း ပြည်သူတွေကြား အကြောက်တရားတွေမြင့်တက်လာတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့အစည်း ၃၀ ကျော်က ရဲဘော်အသစ်တွေ လက်ခံနေတယ်လို့ ဖိတ်ခေါ်လာတာပါ။

ကရင်နီအခြေစိုက် မိုးဗြဲ PDF ပြောရေးဆိုခွင့်ရှိသူက ပြည်သူကာကွယ်ရေးအဖွဲ့တွေက မဖိတ်ခေါ်လို့ စစ်ကောင်စီတပ်ထဲဝင်လိုက်ရတာမျိုးမဖြစ်အောင် လူငယ်တွေကို ကြိုဆိုနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ဘက်က ဖိတ်ခေါ်နေပါတယ်ဆိုတာကိုပြချင်တာပါ။ ခဏနေ အချိန် လွန်သွားရင် တော်လှန်ရေးအင်အားစုတွေက မဖိတ်ခေါ်တော့ဘူး။ သွားစရာမရှိလို့ ဝင်လိုက်ရတယ်ဆိုတာမျိုး မဖြစ်ရလေအောင် ကိုယ့်ဆုံးဖြတ်ချက်က တော်လှန်ရေးဘက်ပါတယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုနေပါတယ်ဆိုတာကို အသိပေးချင်တယ်” လို့သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် တစ်ရက်ထဲက ဒေသတော်တော်များများမှာ အမျိုးသားတွေကို ဖမ်းဆီမှုတွေရှိလာတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီက ဥပဒေကိုငြင်းဆန်ပြီး စစ်မှုမထမ်းသူတွေကို ထောင်ဒဏ် ၅ နှစ်အထိ အ ပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူငယ်တွေကို စစ်တပ်ထဲအဓမ္မစုဆောင်းမယ့် စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် လူငယ်တွေဟာ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ခိုဝင်သွားနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

“ဒီအခြေအနေကို သူတို့ကဘယ်လိုလုပ်ဆောင်မလဲဆိုတာကို လက်တွေ့အားဖြင့်တော့ ကျွန်တော် တို့ဘာမှ မသိရသေးပါဘူး။ စနစ်တကျလုပ်ဆောင်မှုမရှိဘဲ ပေါ်တာဆွဲတဲ့သဘောလုပ်မယ်ဆိုရင်တော့ လူငယ်တော်တော်များများ တိုင်းပြည်ကထွက်ခွာတာတွေ၊ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေလွှမ်းမိုးတဲ့နယ်မြေတွေကို ကူးပြောင်းရောက်ရှိသွား နိုင်ပါတယ်။ ဒါဟာစစ်ကောင်စီအတွက်လည်း အန္တရာယ်ကြီးတဲ့ လုပ်ဆောင်မှုတစ်ရပ်လို့ ကျွန်တော်တို့ယူဆပါတယ်” လို့သူက ပြောပါတယ်။

အကြောင်းကြောင်းကြောင့် ရှောင်လွှဲမရဘဲ စစ်ကောင်စီတပ်ထဲရောက်ရှိသွားသူတွေကိုတော့ CDM စစ်သားတွေအလင်းဝင်ဖို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ကြဖို့ ပြည်သူ့ ရင်ခွင်အဖွဲ့က အသိပေးထားပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းက ရဲဘော်အသစ်တွေကို ဖိတ်ခေါပြီးနောက် ၁၂ နာရီအတွင်း လျှောက်ထားသူ ထောင်နဲ့ချီရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ပြည်သူတွေကို အတင်းအကျပ်စစ်မှုထမ်းခိုင်းတာဟာ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-မိုးဗြဲPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.