ဂန့်ဂေါ – ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းကျေးရွာအခြေစိုက် ပျူစောထီး တွေက ထပ်မံသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြောက်ခင်ရန်းကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက သင်တော၊ရွှေဘိုနဲ့ ရေသာ ကျေးရွာက ပြည်သူတွေကို သတ်ဖြတ်သွားတာပါ။

“ဘယ်သူတွေသတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကိုတော့ အတည်ပြုဖို့ခက်တုန်းပဲ။ အလောင်းတွေ အကုန်လုံးကိုတော့ ပြန်ရထားပြီးပြီး အဲဒီရွာတွေကို မီးရှို့တာတွေလည်းရှိခဲ့တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေး အဖွဲ့တွေဟာ ဒီနေ့ မနက်ပိုင်းကစပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် သင်တောရွာဒေသခံ ၇ ဦး၊ရေသာရွာ ဒေသခံ ၁ ဦးနဲ့ ရွှေဘိုရွာ ဒေသခံ ၂ ဦးကို သတ်ဖြတ်သွားပြီး သင်တောရွာနဲ့ ရွှေဘိုရွာတို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါ တယ်။

ပြည်သူတွေကို သတ်ဖြတ်သွားတဲ့ မြောက်ခင်ရန်းကျေးရွာ ပျူစောထီးတွေဟာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေးရဲဘော်နှစ်ဦးကိုလည်း အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။

အဲဒီလိုတော်လှန်ရေးရဲဘော်တွေကို မီးရှို့သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ်က G-3 အလက် ၂၀၀ ကျော်၊RPG နဲ့ လက်နက်ကြီးတွေကို ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.