လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

0
50

လောင်းလုံး၊ ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စပ်ပြဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား စစ်ပြဲကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောာင်စီတပ်သား ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ထားဝယ်နဂါးတပ်ခွဲ(၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် စပ်ပြဲကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဟာ စပ်ပြဲကျေးရွာက ဒေသခံပြည်သူနေအိမ်တွေနဲ့ ဈေးဆိုင်တွေက တန် ဖိုးရှိပစ္စည်းတွေနဲ့ ဆိုင်ကယ် ၅ စီးကို အတင်းအဓမ္မ မတရားသိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က လောင်းလုံးမြို့ပေါ်ရှိ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ(၁) ၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ LLPDF နဲ့ ထားဝယ်နဂါးတပ်ခွဲ(၅) တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့တာပါ။

လောင်းလုံးမြို့ပေါ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်း ၂ ခုကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-လောင်းလုံးပကဖ

ပုံစာအညွှန်း- လောင်းလုံးမြို့နယ်အတွင်းစစ်ကောင်စီ တပ်စွဲထားသောနေရာများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာ၂၀ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.