စစ်တပ်ဖမ်းထားတဲ့ သံဖြူဇရပ်ဒေသခံနှစ်ဦး စစ်ကြောရေးမှာသေဆုံး

0
50

သံဖြူဇရပ်၊ ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံနှစ်ဦးဟာ ရိုက်နက်နှိပ်စက်ခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေအပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ အောင်ဇေယျတိုးချဲ့ရပ်ကွက်နေ ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရပြီးနောက် ဒေသခံ ၅၀ ထက်မနည်း ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

အဲဒီထဲက ဖမ်းဆီးခံရတဲ့ဦးမြသန်းနဲ့ ဦးမင်းတို့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ မတိုင်မီ သံဖြူဇရပ်တပ် နယ်ဝဲကလိစစ်ကြောရေးမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။

သေဆုံးသွားသူနှစ်ဦးကို စစ်ကောင်စီတပ်ဘက်က မိသားစုထံအကြောင်းကြားတာ၊ အလောင်းပြန်ပေးတာမရှိဘဲ အလောင်းဖျောက်ခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲမှာ သံဖြူဇရပ်မြို့ရှိ လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို စစ်ကောင်စီတပ်က မိသားစုဝင်တွေနဲ့တွေ့ခွင့်မပေးတာကြောင့် သူရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေထဲမှာ ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင် ကိုတရုတ်ရဲ့ နေအိမ်နဲ့ဆိုင်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ လာရောက်ချိပ်ပိတ်ထားတယ်လို့ ဒေသခံတွေထံသိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့သူတွေကို PDF တွေနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၇၀ ထက်မနည်း သေဆုံးထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.