ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်

0
514

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့က ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်းမဟုတ်သလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး။  ဒါကြောင့်မို့ စစ်ကောင်စီဥက္ကဌပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စကတော့ ဘာမှဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ အဓိပ္ပာယ်လည်း မရှိဘူးဗျ”

နိုင်ငံအနှံ့ ထိုးစစ်တွေမှာ အထိနာနေတဲ့ စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံ‌ရေးနည်းလမ်း အရ ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်နဲ့ ကယား ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အလေးပေးပြောဆိုသွားသလို ရခိုင်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတာလို့ စွပ်စွဲပြောဆိုခဲ့တာပါ။

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ် AA ရဲ့ တုံ့ပြန်ချက်၊ သဘောထားတွေအပါ အဝင် ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ် AA အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဦးခိုင်သုခ – နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ အထွေထွေ အကျပ်တည်းနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် သူတို့နိုင်ငံရေး ထွက်ပေါက်တစ်ခု ရလိုရငြား ပြောတဲ့ကိစ္စ လို့ပဲ ကျွန်တော်ကမြင်တယ်။ ဒီနေရာမှာ တစ်ခုစဉ်းစားစရာရှိတာက သူကနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ် ဆိုရင် သူကဘယ်အပေါ်မှာ အခြေခံပြီး သူကဆွေးနွေးမှာလဲ။ အခုစစ်ကောင်စီက တောက်လျှောက်ပြောနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံနဲ့ NCAကိုအခြေခံပြီး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စက ဒါဘယ်သူမှ လက်ခံနိုင်စရာ မရှိတဲ့ကိစ္စဖြစ် တယ်။ အလုပ်လည်း မဖြစ်တဲ့ကိစ္စဖြစ်တယ်။ ၁၉၆၂မြန်မာနိုင်ငံမှာ စစ်ကောင်စီအဆက်ဆက်က အာဏာသိမ်း ပြီး တက်လာခဲ့တဲ့ အဆက်ဆက် အစိုးရတွေအားလုံး လက်ထက်မှာ ဆွေးနွေးခဲ့တဲ့ ဒီဆွေးနွေးပွဲတွေ အားလုံး ဟာ ဘာရလဒ်မှ ထွက်ပေါ်လာခဲ့တာ မရှိဘူး။

ဘာမှမယ်မယ်ရရ အောင်မြင်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဘူး။ နောက်တစ် ချက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ပြောတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့က သူကနိုင်ငံရေးအဖွဲ့အ စည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင် ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်း မဟုတ်သလို ပြည်သူကို ကိုယ်စားပြုထားတဲ့ အစိုးရလည်း မဟုတ်ဘူး။ ဒါကြောင့်မို့ သူဟာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ဖို့အတွက် တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး။ သူဟာ အကြမ်းဖက်စစ်တပ်ပဲဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီ ဥက္ကဌပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စကတော့ ဘာမှဖြစ်လာမယ့် ကိစ္စမဟုတ်ဘူးလို့ ကျွန်တော် က အဲဒီလိုပဲမြင်တယ်။ အဓိပ္ပာယ်လည်း မရှိဘူးဗျ။

သံလွင်တိုင်းမ် – နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုအပေါ် AA အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်တာ ရှိမလဲ။

ဦးခိုင်သုခ – အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအရ အာမခံနိုင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ အကြမ်းဖက်စစ် ကောင်စီနဲ့ ဆွေးနွေးလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ သူကအချိန်ဆွဲပြီးတော့မှ သူ့ရဲ့အကျပ် အတည်း တွေကို ဖြေရှင်းမယ်။ ပြီးရင် သူအခြေအနေကောင်းလာရင် ပြန်ပြီးထပ်ပြီးတော့ တိုက်မယ်။ လူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မယ်။ ဒါကြောင့်မို့ စစ်ကောင်စီကပြောနေတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကတော့ ဒါ သူတို့ရဲ့ အကျိုးအတွက်သာ ပြောနေတာဖြစ်တယ်။ ပြည်သူ့အကျိုးအတွက် ပြောနေတာ မဟုတ်ဘူး။ ဒါကြောင့် မို့ ဒီကိစ္စကတော့ အနှစ်သာရအားဖြင့် ဘာမှအကျိုးသက်ရောက်မှု မရှိဘူး။ အဓိပ္ပါယ်မရှိတဲ့ စကားလို့ပဲ ကျွန် တော်က မြင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – နောက်တစ်ခုက ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်အောင် AA က လုပ်ဆောင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ်မှာရော ဘာများ မှတ်ချက်ပြု တုံ့ပြန်လိုတာ ရှိမလဲ။

ဦးခိုင်သုခ – အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်က ပြောတဲ့ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လက်နက် ကိုင်အဖွဲ့အစည်းတွေက လုပ်နေတယ်။ ရခိုင်ဒေသမတည်မငြိမ်ဖြစ်အောင် AAကလုပ်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်ကတော့ ဒါဟာ အရှက်မရှိ ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုတဲ့ကိစ္စပဲ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ကျွန် တော်တို့ ရခိုင်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံး မတည်မငြိမ်ဖြစ်အောင် တစ်တိုင်းပြည်လုံး ဒုက္ခရောက် အောင် ကြည်း၊ ရေ၊ လေတပ်တွေ အားလုံးကိုသုံးပြီးတော့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ပြီး ရွာတွေမြို့တွေကို ဗုံးကြဲ၊ မီးရှို့ ပြည်သူတွေပိုင်တဲ့ ဥစ္စာတွေကို လုယက် ဒီလိုမျိုးမြေလှန် ဖျက်ဆီးနေတာဟာ သူတို့အကြမ်းဖက် စစ်ကောင်စီတပ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့ တစ်တိုင်း ပြည်လုံးက ပြည်သူတွေလည်း အသိဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စကိုသိပါတယ်။

ဒါကြောင့်မို့လို့ သူတို့ အကြမ်းဖက် စစ်တပ်စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေ၊ တီဗွီတွေ ဒီဟာ တွေကနေပြီးတော့ ပြောင်းပြန်လိမ်လည် ဝါဒဖြန့်တိုင်း မြေပြင်မှာ သူတို့အကြမ်းဖက်စစ်ကောင်စီက ကျူးလွန် ထားတဲ့ ရာဇဝတ်မှုတွေ အမှန်တရားတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ULAအနေနဲ့  ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်ကျူးလွန်ရာမှာ ပါဝင်နေတဲ့ မြန်မာအကြမ်းဖက်ဖက်ဆစ် စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပါဝင်ပက်သက်သူတွေ အားလုံးကို ကျွန်တော်တို့ စနစ်တကျသေသေချာချာ မှတ်တမ်းတင် ထားပါတယ်။ ပြီးရင် တိတိကျကျ ပြန်လည်လက်တုံပြန် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနဲ့ နေရပ်စွန့်ခွာထွက် ပြေးတဲ့ အခြေအနေနဲ့ လူသားချင်စာနာမှု အကူအညီ လိုအပ်မှုဘယ်လိုတွေ ဆက်ရှိနေလဲ။

ဦးခိုင်သုခ – အခုဆိုရင် မြန်မာ့အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီရဲ့ ရမ်းကားပြီးတော့ လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှု ၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ တဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူစုစုပေါင်းဟာ ၁၂၆၃၄၃ယောက်၊ အိမ်ထောင်စု၂၁၄၂၆စု ရှိနေပြီ ဖြစ်ပါတယ်၊ သေဆုံးသူ ၃၀ကျော်၊ ဒဏ်ရာရသူက ၁၁၀ကျော်၊ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးခံရတဲ့ ရခိုင်ပြည်သူစုစုပေါင်းကတော့ ၁၁၃ယောက် ရှိနေပြီဗျ။ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ  အရေအတွက်က မှတ်တမ်းတင်လို့ရတာတွေရှိသလို  မှတ်တမ်းတင်လို့မရသေးတဲ့ ပြည်သူတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် အခုကျွန်တော်တို့ဖော်ပြတဲ့  အရေအတွက်ထက် ပိုပြီးလည်း စစ်ရှောင်အရေအတွက်က များနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.