ဖိလစ်ပိုင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၆ ဦးသေဆုံး

0
291

မနီလာ၊ နိုဝင်ဘာ ၁၉

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူလူဦးရေ ၆ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ ၂ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေကြောင်း ဒေသဆိုင် ရာ အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မင်ဒါနာအိုကျွန်းအနီး ကမ်းလွန်ပင်လယ်ပြင်မှာ နိုဝင်ဘာ၁၇ ရက်နေ့မွန်းလွဲပိုင်းက အင်အားပြင်းငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး အနက် ၆၀ ကီလိုမီတာထိ လှုပ်ခတ်သွားခဲ့တာလို့ ဂျာမန်ဘူမိသိပ္ပံဆိုင်ရာ သုတေသနစင်တာက ဆိုပါတယ်။ 

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ ကုန်တိုက်ကြီးနှစ်ခုမှာ တိုင်တွေ လှုပ်ခါသွားတာ ကြောင့် မျက်နှာကျက်တွေ ပြိုကျပြီး လူတွေ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရ တာပါ။

ငလျင်လှုပ်ခတ်မှုကြောင့် SM City General Santos ကုန်တိုက်နဲ့ Robinsons GenSan ကုန်တိုက်တို့ကို ယာယီပိတ်ထားကြောင်း ကြေညာခဲ့ပါတယ်။

အခြားသော ဓာတ်ပုံ မှတ်တမ်းတွေမှာလဲ ကျောင်းတစ်ကျောင်းရဲ့ ခေါင်မိုးပြိုကျနေတာကို တွေ့မြင်ခဲ့ရပါတယ်။ 

တောင်ဘက် ကိုတိုဘာတိုပြည်နယ်ရှိ General Santos မြို့ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာရုံး အကြီးအ ကဲကတော့ အဲဒီနေရာမှာ လူသုံးဦးသေဆုံးကြောင်း ရိုက်တာသတင်းဌာနကို အတည်ပြုပြောဆိုခဲ့ပါတယ်။ ကုန်တိုက်ရဲ့ ကွန်ကရစ်နံရံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးနဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့လည်း အတည်ပြုပြောဆိုခဲ့တာပါ။

ဆာရန်ဂန်ဒီပြည်နယ် ငလျင်ဗဟိုချက်အနီးမှာလည်း မြေပြိုမှုဖြစ်ပွားပြီးတဲ့နောက် ပျောက်ဆုံးနေသူနှစ်ဦးကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ အဲဒီဒေသမှာလည်း အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ကမ်းရိုးတန်းမြို့မှ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့ပါတယ်။ 

ဒိုဘိုဝါပြည်နယ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်တုံးကြီးဖြင့် တိုက်မိပြီးနောက် အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အခုအချိန်မှာတော့ လျှပ်စစ်ဓာတ်အားတွေ ပြန်လည်ရရှိလာပြီဖြစ်ပြီး လမ်းအများစုက ဖြတ်သန်းသွားလာနိုင်ပြီ လို့ သဘာဝဘေးအရာရှိတွေက ပြောဆိုထားပါတယ်။

အင်အားပြင်းငလျင်ဖြစ်ပေမယ့်လည်း အများစုမှာ နေအိမ်အချို့နဲ့အဆောက်အအုံအချို့ ပျက်စီးမှုအနည်းငယ် သာရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ 

ငလျင်ကြောင့် ထိခိုက်ခံစားရသူတွေအားလုံး ဘေးကင်းရေးနဲ့ အဆင်ပြေစေဖို့အတွက် သမ္မတဖာဒီနန်မားကို့စ် ဂျူနီယာက အစိုးရအေဂျင်စီတွေကို ညွှန်ကြားထားကြောင်း သမ္မတအိမ်တော်က ဆိုပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်လှုပ်ခတ်မှုနဲ့ ငလျင်လှုပ်ခတ်လေ့ရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိနေ တာလည်း ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.