နေပြည်တော် – စက်တင်ဘာ(၃၀)

တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်သုံးသောင်းနှုန်း ခံစားခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ (၃၀) ရက်နေ့မှာ ကြေညာပါတယ်။

ဝန်ထမ်းတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း တိုးမြှင့်ပေးမှုဟာ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးသက်သာချောင်လည်မှု ရရှိစေဖို့အတွက် ရည်ရွယ်လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ နေ့စားအလုပ်သမားတွေအတွက် လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈၀၀ အပေါ်မှာ အပိုထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင် ထပ်မံခံစားခွင့်ပြုလိုက်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အပိုထောက်ပံ့ကြေးကို ဘယ်လကနေ စတင်ရရှိမလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။

နိုင်ငံ့ဝန်ထမ်းတွေကို တစ်ဦးလျှင် ကျပ်သုံးသောင်း တိုးပေးတာကြောင့် အခြေခံကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တကြိမ် ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီကနေ့အထိ မပြင်ဆင်နိုင်သေးဘဲ တစ်ရက် ၄၈၀၀ ကျပ်နှုန်းနဲ့သာ ဆက်ရှိနေတာပါ။

အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ကို မပြင်ပေးသေးတဲ့ စစ်ကောင်စီဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှုအပေါ် သူဝန်ထမ်းတွေကိုသာ အပိုထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပေမယ့် အနည်းဆုံးအခကြေးငွေနှုန်းထားကိုတော့ တိုးမြှင့်သတ်မှတ်ပေးတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.