ရေဖြူ၊ စက်တင်ဘာ(၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲတယ်လို့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးကျော် တပ်စွဲနေထိုင်နေတဲ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့သွားရောက် တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT) ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတဲ့အတွက် တိုက်ခိုက်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ DDT တပ်ခွဲ ၃ ၊ ထားဝယ်ခရိုင် တပ်ရင်း ၁ ၊ DGRF တပ်ခွဲ ၄၊ ဝေဟင်အဖွဲ့ (ရေဖြူ ပကဖ)၊ TPLFနဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ကလည်း အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ရေဖြူဒေသခံ ဒေါ်သွယ်သွယ်ဝင်းဟာ ကျည်ထိမှန်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DDT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.