ပွင့်ဖြူ – ဩဂုတ်(၃၁)

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ ငွေအတု ထုတ်လုပ်ဖြန့်ချီသူ(၂) ဦးကို နှစ်ရက်ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) နဲ့ (၃၀) ရက်နေ့တွေအတွင်း ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှာ အိမ်ငှားနေထိုင်ကျတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့တာပါ။

အမျိုးသမီးကို ရှောက်တောကျေးရွာမှာ ငွေအတုထုတ်စက်တွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အမျိုးသားကိုတော့ မြို့ပေါ်က စတိုးဆိုင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အိမ်ငှားလာနေတဲ့သူတွေပါ။သူတို့ကဘယ်ကလည်းဆိုတာလဲမသိရဘူး။ ရန်ကုန်မှာကတည်းက ငွေတုတွေကိုခြေရာခံပြီး ဒီဘက်ကျမှဖမ်းဆီးရမိတာလို့လည်းပြောတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ပွင့်ဖြူမှာထုတ်တဲ့ ငွေအတုတွေကို ရန်ကုန်မှာ သုံးနေတာတွေရှိတယ်လို့လည်း သိရပါတယ်။

ပွင့်ဖြူဒေသခံတွေကတော့ ငွေအတုတွေကို မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာကြီးတွေက လောင်းကစားဝိုငးတွေမှာ ဖြန့်ချီတာတွေရှိနိုင်တယ်လို့ ယူဆနေကြပြီး အဲဒီလောင်းကစားဝိုင်းတွေဟာ စစ်ကောင်စီခွင့်ပြုချက်နဲ့ နေ့ရောညပါ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့သူနှစ်ဦးနဲ့အတူ ငွေအတုအရွက်(၄၃၀) ကျော်၊ စက်တစ်လုံးနဲ့ Laptop တို့ကိုသိမ်းဆည်းရမိထားပြီး ပွင့်ဖြူမြို့နယ်ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိအမှုအခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ဖြူရဲစခန်းကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.