ဒီးမော့ဆို – ဩဂုတ်(၃၁)

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဩဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာနဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေထဲကို မနက်(၄) နာရီကျော် ကစပြီး လေယာဉ်နဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦးတွေထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းကို မနက်(၆) နာရီကျော်မှာ တိုက်လေယာဉ်(၂) စီးနဲ့ ဗုံး(၉)လုံးထပ်မံကြဲချခဲ့တဲ့အတွက် ပြည်သူတစ်ဦးသေဆုံးကာ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းအပါအဝင် အဆောက်အဦးတွေထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ နီးတဲ့ ကယားပြည်နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အတွက် ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

အခုလို အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အရပ်သားတွေကို တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.