သထုံ၊ သြဂုတ်(၁)

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး သထုံမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နေ့စဉ် ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေအတွင်း ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မရမ်းကုန်း၊ချောင်းစောက်၊ မိချောင်းအိုင်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာ၊စားနပ်ရိက္ခာ၊ အခြေခံဆေးဝါးအပြင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်း ကလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ဖုန်းလိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း သထုံအခြေစိုက် ဝီယော်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်ဟာ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးအချက် ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်အဆောက်အဦး ၁၅လံုးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.