မြိတ်၊ သြဂုတ်(၁)
တနင်္သာရီတိုင်းရဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိ ၃ ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး ၆ ဦး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ဝင်းကျော်သူနဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစပြီး နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခံနေရတာပါ။
အဲဒီနောက် စစ်ကောင်စီဟာ မြိတ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ မြိတ်အများပိုင်လုပ်ငန်းစု အကြီးအကဲ ဦးလှသန်း၊ OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး၊ ခဲလုပ်ငန်းရှင် ဦးမင်းသူရ ၊ ဦးဝင်းထိန် ၊ ဦးဖိုးရှိန်တို့ ၆ ဦးကို ထားဝယ်မြို့မှာ ခေါ်ယူစစ်ဆေးနေတာပါ။
စီးပွားရေးလုပ်ငန်းရှင်ကြီး ၆ ဦး ခေါ်ယူစစ်ဆေးမှုဟာ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းရဲ့ လာဘ်စားမှုနဲ့ ဆက်စပ်တယ်လို့ သတင်းအရင်းအမြစ်က ပြောဆိုပါတယ်။
နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းဟာ ဖမ်းဆီးရမိတဲ့ခဲတွေကို လာဘ်ယူပြီးအမှုဖျက်ဖျောက်တာ၊ ဆန်စက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံတော်ဘတ်ဂျက်ကို စာရင်းပိုတင်လိမ်လည်တာ၊ ကျပ်သိန်း ၁၈၀၀ တန်ကားအပါအဝင် ကား ၃ စီးနီးပါး လာဘ်ယူခဲ့တယ်လို့ စစ်တပ်သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
ဒီဖြစ်စဉ်တွေအတွက် ဒုတိုင်းမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုမှူးနဲ့ နယ်လုံဝန်ကြီးတို့ ပြစ်မှုထင်ရှားရင် ရာထူးကနေ ဖြုတ်ချခံရမှာဖြစ်သလို ထောင်ဒဏ်ပြစ်ဒဏ်တွေပါ ချမှတ်ခံရနိုင်ပါတယ်။
ဖမ်းဆီးစစ်ဆေးခံရတဲ့ မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး ၆ ဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိသလို စစ်ကောင်စီလုပ်တဲ့ အခမ်းအနားတွေမှာ ပုံမှန်တွေ့ရတတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယအပတ်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media