ဘားအံ၊ သြဂုတ်(၁)
အစစ်ဆေးကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ် ကားဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော်ယာဉ်တွေကို ရပ်တန့်နေစဉ် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ကားဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ဘားအံမြို့ရှိ တပ်မတော် ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ကားမိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကားနဲ့ဆိုင်ကယ် ၅ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုပြုလုပ်တဲ့အဆောင်နဲ့ နားနေဆောင်တွေအပြင် ကားလမ်းတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကားလမ်းပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့တဲ့အတွက် အဲဒီနေ့ နေ့လည် ၄ အချိန်လောက်ကစပြီး ခရီးသွားမော်ယာဉ်ငယ်တွေကို ဖြတ်သန်းသွားလာခွင့် ပေးအပ်လိုက်ပေမယ့် ကုန်တင်ကားတွေကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်အပြင် လက်ကိုင်ဖုန်းကအစစစ်ဆေးတာ၊ ငွေကြေးအဆမတန် တောင်းယူတာအပြင် အရပ်သားပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရတဲ့အတွက် နာမည်ဆိုးကျော်ကြားတဲ့ စစ်ဆေးရေးဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media