မလေးရှားမှာ စာမေးပွဲသုံးကြိမ်ကျရှုံးခဲ့တဲ့ ဥပဒေကျောင်းသား ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့

0
4557

ကွာလာလမ်ပူ – ဧပြီ(၂၁) 

မလေးရှားနိုင်ငံသားတစ်ဦးဟာ တက္ကသိုလ် စာမေးပွဲ(၃) ကြိမ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့အတွက် မိမိကိုယ်ကို မီးရှို့ကာ ယာဉ်အသွားအလာရှုပ်ထွေးတဲ့ လမ်းမပေါ် ပြေးထွက်ခဲ့တယ်လို့ သိရပါတယ်။ 

အသက်(၂၄) နှစ်အရွယ် ဥပဒေကျောင်းသားရဲ့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာဟာ အသက် သေဆုံးတာမရှိခဲ့ဘဲ မတော်တဆမှုအဖြစ်နဲ့သာ အဆုံးသတ်ခဲ့တာပါ။ 

စောင့်ကြည့်ရေး ဓာတ်ပုံတွေရဲ့ ပြသချက်အရ မီးခြစ်အသုံးပြုပြီး မီးရှို့မှုမဖြစ်ပွားခင်မှာ အဲဒီကျောင်းသားဟာ ဆီဂါမန့်ခရိုင်၊ ကီးရော့စ်မှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ သူ့ကိုယ်သူ လောင်စာဆီတွေ လိမ်းနေတာကိုတွေ့ရတယ်လို့ ဆိုထားပါတယ်။ 

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ တခြားရုပ်သံတစ်ခုမှာတော့ မီးငြိမ်းသတ်ရေးကိရိယာနဲ့ မီးတောက်တွေ မငြိမ်းသက်ခင်မှာ မီးလောင်နေတဲ့ လူငယ်လေးဟာ ဓာတ်ဆီဆိုင်ပြင်ပကို ထွက်ပြေးသွားတာလည်း တွေ့ရပါတယ်။ 

ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားကို ကယ်ဆယ်လိုက်တဲ့သူဟာ ဓာတ်ဆီ ဆိုင်ပိုင်ရှင်ဖြစ်ပြီး အဲဒီဓာတ်ဆီဆိုင်ဟာ ဆီဂါမတ်ခရိုင် ရဲစခန်းရုံးချုပ်ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။ 

အဲဒီလူငယ်လေးဟာ လမ်းမအလယ်ကို ပြေးဝင်ပြီး ထိုင်နေကာ သူ့အထင်မှာ အဝေးက လာတဲ့ ကုန်တင်ကားတစ်စင်းက သူ့ကို ဝင်တိုက်မယ်လို့ ထင်နေပေမယ့် အဆုံးစီရင်လိုတဲ့ ကျောင်းသား လူငယ်ရဲ့ စဉ်းစားချက်အတိုင်း ဖြစ်မလာခဲ့ဘူးလို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကုန်တင်ယာဉ်မောင်းဟာ အရေးပေါ်ဘရိတ်ကို အသုံးပြုခဲ့ပြီးနောက် တခြားကားတစ်စင်းက ကုန်တင်ယာဉ်နောက်ပိုင်းကိုတိုက်မိပြီး ယာဉ်မတော်တဆမှုတစ်ခုသာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးရဲ့ ခန္ဓကိုယ်ကို ဆေးရုံခေါ်ဆောင် သွားချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ (၇၀) ရာခိုင်နှုန်းအထိမီးလောင်ကျွမ်းထားခဲ့တယ်လို့ ဆရာဝန်တွေ ကပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ(၁၈) ရက်နေ့အထိ ကျောင်းသားလူငယ်ဟာ ဆေးရုံတက်ကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ကနဦးစုံစမ်းစစ်ဆေးမှုတွေရ သူဟာ စာမေးပွဲ(၃) ကြိမ်တောက်ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ မိသားစုဝင်တွေကို ရင်မဆိုင်ရဲတဲ့အတွက် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

မလေးရှားနိုင်ငံမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သလို ငွေဒဏ်နဲ့  ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဥပဒေပြဌာန်းထားပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.